မန်ချက်စတာ ယူနိုက်တက် အသင်းကို ငယ်တည်းက အားပေးခဲ့တာ ဆိုတဲ့ ကွန်ညာ

မန်ချက်စတာ ယူနိုက်တက် အသင်းထံ တရားဝင်ရောက်ရှိလာပြီ ဖြစ်တဲ့ ကွန်ညာကတော့ ကလေးဘဝကတည်းက မန်ယူကို အားပေးလာခဲ့တာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ကွန်ညာကို ပရိသတ်တွေထံ တရားဝင် ထုတ်ပြနိုင်ခဲ့ပြီ ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းသစ်နဲ့ လက်မှတ်ထိုးပြီးပြီးချင်းမှာပဲ ပရိသတ်တွေ ကြွေလောက်မယ့် စကားတွေ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်ညာက “ ယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်လာတဲ့ ဖီလင်ကို စကားလုံးတွေနဲ့ ထုတ်ဖော်ရခက်ပါတယ်၊ ကျွန်တော် ကလေးဘဝ ဘရာဇီးလ်မှာ ရှိနေစဉ်တည်းက အဖွားအိမ် တီဗွီသွားကြည့်တိုင်း ပရီးမီးယားလိဂ်ပွဲတွေ ရောက်လာရင် ယူနိုက်တက်ကိုပဲ အကြိုက်ဆုံးဖြစ်ခဲ့ရတာပါ၊”

“ယူနိုက်တက်က ကျွန်တော့်အကြိုက်ဆုံး အဂ်လိပ်အသင်းဖြစ်သလို ဒီအသင်းဂျာစီကို ဝတ်ခွင့်ရဖို့ က ကျွန်တော့် ငယ်ဘဝအိမ်မက်ပါပဲ။

ကျွန်တော့်အိမ်မက် အကောင်အထည်ပေါ်လာအောင် ကူညီပေးခဲ့ကြတဲ့ မိသားစုဝင်တွေနဲ့ အားလုံးကို ကျွန်တော် ကျေးဇူးအရမ်းတင်ပါတယ်၊ ရာသီကြိုပွဲစဉ်တွေအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ကွန်ညာဟာ မန်ယူအသင်းထံ ပေါင် ၆၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းမှာလည်း နေရာတစ်ခု ရရှိလာခဲ့ပြီ ဖြစ်တာကြောင့် မန်ယူလိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။