တိုမီယာစု ဖြစ်ရပ်၊ အူဘာဘက်က ကာကွယ်တဲ့ ဆီးမန်း၊ ကဲဗတ်လီဝင်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်နောက်ခံလူ တာကဲဟီရို တိုမီယာစုရဲ့ မျက်နှာကို တက်နင်းတဲ့ အဲဗာတန်ကစားသမား ဘန် ဂေါ့ဖရီရဲ့ လုပ်ရပ်ဟာ ဘာမှ ကန့်ကွက်စရာမရှိဘဲ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်စရာမရှိတဲ့အပြင် VAR ရဲ့ ဆုံးဖြတ်ချက်ဟာ ဘောင်ဝင်တယ်လို့ ဒိုင်လူကြီးဟောင်း ဒါးမော့ ဂယ်လာဂါ က ပြောကြားလိုက်ပါတယ်။
တိုက်စစ်မှူး အူဘာမီယန် ဒီတလော ပုံစံကောင်း မပြနိုင်တာတဲ့အပေါ် မစိုးရိမ်မိကြောင်း အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းက ဆိုလိုက်ပြီး အူဘာဟာ ယုံကြည်မှုပိုင်း ကျဆင်းနေတာဖြစ်ပြီး မကြာခင် ခြေစွမ်းကောင်းတွေ ပြန်ပြနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်ကတော့ သူတို့ပစ်မှတ်ထားနေတဲ့ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဂျိုနသန်အတွက် လိုင်လီက ယူရို ၅၅ သန်း အလိုရှိနေပြီးနွေရာသီကျမှ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဥရောပ ထိပ်သီးတချို့ စိတ်ဝင်စားနေတဲ့ မိုချန်ဂလာဘတ်ချ်ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ရေပန်းစားနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ၂၅ နှစ်အရွယ် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
အဲဗာတန် တိုက်စစ်မူှး ကဲဗတ် လီဝင်ဟာ အာဆင်နယ်ကို အင်အား တောင့်တင်းစေမဲ့သူမျိုး ဖြစ်ကြောင်း ဘောလုံးဝေဖန်သူ အဖြစ်ဆောင်ရွက်နေတဲ့ ဝီလန်က ထောက်ပြခဲ့ပြီး ဒါပေမဲ့ လီဝင်ကို ခေါ်ဖို့အတွက်ဆိုရင် အာဆင်နယ်အနေနဲ့ငွေကြေးများစွာ သုံးစွဲရမှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
စပါးတိုက်စစ်မူှးဟောင်း ဒါရင်းဘန့်က အဲဗာတန်နဲ့ပွဲမှာ အာဆင်နယ်ဟာ အဲဗာတန်နဲ့ပွဲမှာ ကွင်းလယ်လူ စမစ်ရိုဝီကို လိုအပ်ခဲ့တာဖြစ်ကြောင်း၊ ရိုဝီဟာ အဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမားလို ဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်အဖြစ်နာမည်ကျော်တဲ့ အစီအစဉ်တင်ဆက်သူ ပီရက်စ်မော်ဂ်န်က နည်းပြ အာတီတာဟာ အာဆင်နယ် အတွက် လုံလောက်သူမျိုး မဟုတ်ကြောင်း၊ သူတို့ဟာ ၈ ပွဲလောက်နိုင်ပွဲ မရခဲ့တဲ့အသင်းကို ဆိုးရွားစွာ ကစားခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။