ဇာဇီး သို့မဟုတ် ဟွိုင်လန်းကို အလိုက်ပေးပြီး အထောင်တိုက်စစ်မှုးသစ် ခေါ်ယူဖို့ ယူနိုက်တက် ဆုံးဖြတ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟူဂို အက်ခီတိုက်အတွက် ကစားသမားအလိုက်ပါဝင်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့အတွက် ထည့်သွင်းကမ်းလှမ်းမယ့် တိုက်စစ်မှူး ၂ ဦးကို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဘရိုင်ယန် အမ်ဘူးမိုက ကျောနံပါတ် ၁၀ နေရာအတွက် နောက်ထပ် အဓိကပစ်မှတ်ဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကြယ်ပွင့်နဲ့အတူ မန်ယူနိုက်တက်က အထောင်တိုက်စစ်မှူးအသစ်အတွက် သဘောတူညီမှုရရှိဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

အက်ခီတိုက်၊ ဂယော်ကီရက်စ်တို့ ၂ ဦးဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်တွေဖြစ်ပြီး ကော့ဖ်အော့ဖ်ဆိုက်ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ အက်ခီတိုက်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှု ပြုလုပ်ထားပြီးဖြစ်ပြီး ဖရန့်ဖွတ်နဲ့မကြာမီအချိန်အတွင်း တရားဝင်ပြောဆိုဆွေးနွေးမှု ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျေဆင် ဝီလ်ကော့စ်က အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီးတို့ထက် လက်ဦးမှုရယူပြီး ခေါ်ယူသွားချင်နေတယ်လို့ သိရပေမယ့် သရဲနီတွေဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့ဘတ်ဂျက်က အကန့်အသတ်နဲ့သာ သုံးစွဲနိုင်တဲ့ အခြေအနေရှိနေတာဖြစ်ပါတယ်။

အက်ခီတိုက်အတွက် ဖရန့်ဖွတ်အသင်းက ယူရိုသန်း ၁၀၀ လောက်အထိ တောင်းဆိုနေတာကြောင့် သရဲနီတွေအတွက် ပြဿနာဖြစ်နေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့ဆိုရင် ကစားသမား ၁ ဦးအလိုက်ပေးဖို့နည်းလမ်းတစ်ခုသာ ရှိတော့တာဖြစ်ပါတယ်။

လက်ရှိ တိုက်စစ်မှူးတွေဖြစ်တဲ့ ဇာဇီးနဲ့ ဟွိုင်လန်းတို့ ၂ ဦးစလုံးဟာ ဖရန့်ဖွတ်ကို အလိုက်အဖြစ် ထည့်သွင်းကမ်းလှမ်းဖို့အတွက် စဉ်းစားနေတဲ့ကစားသမားတွေဖြစ်တယ်လို့ သိရပြီး ရူဘင် အမိုရင်က ၂ ယောက်စလုံးကို အပြည့်အဝ ယုံကြည်မှု မရှိတာဖြစ်ပါတယ်။

ဇာဇီး သို့မဟုတ် ဟွိုင်လန်းကို အလိုက်ပေးပြီး အက်ခီတိုက်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ နေရာဟာ အလွန် တိုးတက်လာမှာဖြစ်သလို အသင်းထဲမှာ ရှိနေတဲ့ လူပိုတွေကိုလည်း ရောင်းထုတ်သွားဦးမှာဖြစ်ပါတယ်။

အက်ခီတိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဖရန့်ဖွတ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပြီး ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး လူငယ်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဇာဇီးနဲ့ ဟွိုင်လန်းတို့ကတော့ ၂ ဦးပေါင်းမှ သွင်းဂိုး ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အက်ခီတိုက်ထက်တောင် သွင်းဂိုး ၅ ဂိုး လျော့နည်းနေခဲ့တာဖြစ်ပါတယ်။