အိုနာနာကို ခေါ်ချင်တဲ့ကလပ် ပေါ်လာပြီးနောက် ဂိုးသမားသစ် ဝယ်ဖို့ ယူနိုက်တက် စတင် လှုပ်ရှားလာ
မန်ချက်စတာ ယူနိုက်တက်ကတော့ အိုနာနာကို မိုနာကိုအသင်းက စိတ်ဝင်စားလာခဲ့ပြီးနောက် အတ္တလန္တာဂိုးသမား မာကို ကာနီဆက်ချီကို ခေါ်ယူဖို့ ကနဦး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အိုနာနာဟာ ၂၀၂၃ ခုနှစ်မှာ အင်တာကနေ ပေါင် ၄၇,၂ သန်းနဲ့ ပြောင်းလာပြီးကတည်းက အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်စရာ ရာသီ ၂ ခုကို ဖြတ်သန်းခဲ့ရပြီးနောက် အနာဂတ် မရေမရာဖြစ်နေတာဖြစ်ပေမယ့် ကင်မရွန်းဂိုးသမားက ဒီနွေရာသီမှာ အသင်းကို စွန့်ခွာမှာမဟုတ်ဘူးလို့ ပြောဆိုထားတာဖြစ်ပါတယ်။
Sky Sport Italy ရဲ့ သတင်းအရ လီဂူးဝမ်းကလပ် မိုနာကိုဟာ လက်ရှီမှာ အိုနာနာကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်ကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ပြင်သစ်ကလပ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့အသင်းဖြစ်ပါတယ်။
မိုနာကိုအသင်းနည်းပြ သီယေဂို စကူရိုက ဒီနွေရာသီမှာ ဂိုးသမားသစ် ခေါ်ယူဖို့က အသင်းရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပြီး သရဲနီတွေဟာ အိုနာနာကို ရောင်းပြီး ဒီနွေရာသီမှာ ဂိုးသမားသစ် ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ဒါကြောင့် ကာနီဆက်ချီရဲ့အေးဂျင့်နဲ့ ပြောဆိုဆွေးနွေးခဲ့ပေမယ့်လည်း အတ္တလန္တာကိုတော့ ချဉ်းကပ်မှု မပြုလုပ်ခဲ့ဘူးလို့ သိရပြီး အီတလီဂိုးသမားဟာ ဒီနှစ်အစောပိုင်းကမှ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသူဖြစ်ပါတယ်။
ဒါကြောင့် အီတလီကလပ်အသင်းဟာ အသက် ၂၄ နှစ်အရွယ် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ တောင်းဆိုသွားမယ်လို့ နားလည်ရပါတယ်။