ဆန်ချို နဲ့ ကစားသမား တိုက်ရိုက် အလဲအထပ်လုပ်ဖို့ ယူနိုက်တက်က ဂျူဗင်တပ် နဲ့ ဆွေးနွေးနေပြီ
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျူဗင်တပ် တို့ဟာ ဒူဆန်ဗလာဟိုဗစ်နှင့် ဂျာဒွန်ဆန်ချိုတို့ကို တိုက်ရိုက်အလဲအထပ် လုပ်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။
La Gazzetta dello Sport က ဂျူဗင်တပ်နှင့် ယူနိုက်တက်တို့အကြား ဗလာဟိုဗစ်နှင့်ဆန်ချိုကို အလဲအထပ်လုပ်ရန် ဆွေးနွေးနေကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချဲလ်ဆီးတွင် အငှားဖြင့် သွားကစားခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုကို ရောင်းချလိုနေပြီး ဂျူဗင်တပ်ကလည်း ဗလာဟိုဗစ်ကို ရောင်းချလိုနေပါတယ်။
ဆန်ချိုအနေဖြင့် ဂျူဗင်တပ်သို့ ပြောင်းရွှေ့မည်ဆိုပါက လုပ်ခလျှောယူရဖို့တော့ ရှိပါတယ်။
စီးရီးအေထိပ်သီးဟာ ၂၀၂၃ နှင့် ၂၀၂၄ ခုနစ်တွေတုန်းကလည်း ဆန်ချိုအား ခေါ်ယူရေး စိတ်ဝင်စားခဲ့ပေမဲ့ အပြောင်းအရွှေ့ဖြစ်မြောက်လာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့အေးဂျင့်က တူရင်အခြေစိုက်ကလပ်မှ တာဝန်ရှိသူများနှင့် ထိတွေ့မှု ရှိနေဆဲ ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေပါတယ်။
ဆန်ချိုနှင့် ဗလာဟိုဗစ်တို့နှစ်ဦးစလုံးတို့ရဲ့ စာချုပ်မှာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်းတို့ရဲ့ အနာဂတ်မရေမရာ ဖြစ်နေပါတယ်။
ဂျူဗင်တပ်ဟာ ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုလိုနေပေမဲ့လည်း ကစားသမားဘက်က လုပ်ခမြင့်မားစွာ တောင်းဆိုလာမှုကြောင့် စာချုပ်သစ်ချုပ်ဆိုရေး ခက်ခဲနေပါတယ်။
ဒါကြောင့်လည်း ဂျူဗင်တပ်ဟာ လာမယ့်နှစ် နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်တဲ့ ဗလာဟိုဗစ်ကို ၎င်းတို့ ယခုနွေရာသီတွင် ဆန်ချိုနှင့် အလဲအထပ်လုပ်လိုနေတာပါ။
တဖက်တွင် ယူနိုက်တက်ကလည်း ဆန်ချိုကို ရောင်းချလိုနေပြီး တိုက်စစ်မှူးတစ်ဦး ရှာဖွေနေခဲတာ့ ဖြစ်ပါတယ်။
ယခုကဲ့သို့ အလဲအထပ် လုပ်လာမှုကြောင့် ယူနိုက်တက်အနေနဲ့ရော ဂျူဗင်တပ်အတွက်ပါ အကျိုးရှိလာပါမယ်။
ဆန်ချိုဟာ ၂၀၂၄-၂၅ ရာသီတုန်းက ချဲလ်ဆီးတွင် အငှားဖြင့် သွားကစားစဉ် ၄၂ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းပြီး ၁၀ ကြိမ်ဖန်တီးခဲ့ကာ ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။ ဗလာဟိုဗစ်မှာလည်း ဂျူဗင်တပ်အတွက် ၄၃ ပွဲကစားခဲ့ရာမှာ ၁၆ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။