ယူနိုက်တက် ပရိသတ်တွေ အမျက်ထွက်အောင် တမင်လုပ်လိုက်လေသလား ဂါနာချို
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ အွန်လိုင်းပေါ်က Post တစ်ခုကြောင့် ဒေါသပေါက်ကွဲနေပြီး ဂါနာချိုကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြပါတယ်။
အသက် ၂၀ သာရှိသေးသူ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ နည်းပြအမော်ရင်နဲ့ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး အမော်ရင်က သူ့ကို အခုနွေရာသီအတွင်း အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲတုန်းက ပွဲထွက်ကစားခွင့် မရခဲ့တာကြောင့် အမော်ရင်နဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။
ဂါနာချိုအနေနဲ့ ကလပ်အသင်းသစ်မှာ ကစားသမားဘဝသစ်တစ်ခု စတင်ဖို့ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီး၊ စီးရီးအေထိပ်သီး နာပိုလီအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။
အခုလောလောဆယ်မှာတော့ ဂါနာချိုဟာ အားလပ်ရက်အပန်းဖြေခရီးသွားနေပြီး စပိန်နိုင်ငံက အက်ဘီဇာကျွန်းကို ရောက်နေချိန်အတွင်း အငြင်းပွားစရာ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်မှာ Post တင်ခဲ့ပါတယ်။
ဂါနာချိုက ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာအသင်းဂျာစီကို ဝတ်ဆင်ခဲ့သလို ပိုဆိုးတာက အမော်ရင်နဲ့ပြဿနာတက်ပြီးတော့ အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ရောက်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ် ၉ ဂျာစီ ဝတ်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ‘ငါတို့အသင်းကနေ ထွက်သွားလိုက်တော့ . . ‘၊ ‘ကလိမ်ကကျစ်ကောင် . .’၊ ‘အဲဒါကြောင့် ယူနိုက်တက်မှာ အသင်းကို တကယ်ချစ်တဲ့ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်’လို့ အွန်လိုင်းမှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။