နည်းပြက ဂိုးသမားအသစ် လိုချင်ပေမယ့် ခေါ်ယူဖို့ ခက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘန်အမော်ရင် ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားအသစ်တစ်ယောက် ခေါ်ယူဖို့ စိတ်ကူးရှိနေပါတယ်။

အမော်ရင်ဟာ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာ ကို စိတ်ဝင်စားနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ကတည်းက ဆက်သွယ်ပြောဆိုထားဖူးပါတယ်။

လက်ရှိမှာတော့ ကော်စတာ ဟာ ပေါ်တို အသင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် နွေရာသီအားလပ်ရက် ရရှိထားပါတယ်။ ပေါ်တိုအသင်းကတော့ ဒီယေဂို ကော်စတာကို ရောင်းထုတ်သွားဖို့ စိတ်အားထက်သန်မှု မရှိပေမယ့် ယူရို သန်း ၅၀ ကျော်ရရှိမယ်ဆိုရင်တော့ စဉ်းစားလာဖွယ်ရှိပါတယ်။

နောက်ထပ်စိတ်ဝင်စားနေတဲ့ ဂိုးသမားကတော့ အက်စတွန်ဗီလာအသင်းရဲ့ အာဂျင်တီးနားဂိုးသမားကြီး အီမီလ် မာတီနက်ပါပဲ။ မာတီနက် ကတော့ ကော်စတာလောက် ပြောင်းရွှေ့ကြေး မများနိုင်သလို ပရီးမီးယားလိဂ်အတွေ့အကြုံလည်းရှိပါတယ်။

ဒါပေမယ့် ဒီအပြောင်းအရွှေ့ ၂ ခုစလုံးဟာ အန်ဒရေ အိုနာနာ ထွက်ခွာသွားသည်ဖြစ်စေ ၊ အခြားကစားသမားတွေကို ရောင်းထုတ်နိုင်မှဖြစ်စေ ဖြစ်မြောက်လာဖို့ ရှိပါတယ်။

မန်ယူနိုက်တက်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဝုဗ်အသင်းက ဘရာဇီးကစားသမား မက်သီးယပ်စ် ကွန်ညာကို ခေါ်ယူထားပြီး ဘရန့်ဖိုဒ့်က အမ်ဘျူမို ကိုလည်း ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။