ဘာစီလိုနာ အသင်းခေါင်းဆောင်ကို ယူနိုက်တက်က အလွတ်နဲ့ ခေါ်ယူနိုင်မလား စောင့်ကြည့်ရဖွယ် ရှိလာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းခေါင်းဆောင် တာစတီဂျန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို စပိန်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ရူဘင် အမိုရင်အတွက် ပြဿနာရှိတာက အိုးထရက်ဖိုဒ်ကနေ အိုနာနာ ထွက်ခွာအောင် လုပ်ဖိုဖြစ်ပြီး သရဲနီတွေဟာ ပြီးခဲ့တဲ့ရာသီ အဆင့် ၁၅ နေရာနဲ့ အရှက်ရစရာရာသီကို အဆုံးသတ်ခဲ့ပြီးနောက် အဂ်လိပ်ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းတသင်းအဖြစ် ပြန်လည် နိုးထလာဖို ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆိုးရွားဆုံးနေရာတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ ဂိုးသမားနေရာကိုလည်း အင်အားဖြည့်တင်းချင်နေပြီး အက်စတန် ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်က အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
အက်စတန် ဗီလာဟာ အာဂျင်တီးနားဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လိုချင်နေပြီး ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့တဲ့ ဂျာမနီလက်ရွေးစင်ဝါရင့်ဂိုးသမား တာစတီဂျန်ကလည်း မန်ယူနိုက်တက်ပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
တင်းတော့ခ်ရဲ့ အပြောင်းအရွှေ့သတင်းထောက်တစ်ဦးဖြစ်တဲ့ ရူဒီ ဂယ်လက်တီရဲ့ ပြောကြားချက်အရ ဘာစီလိုနာဂိုးသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အလေးအနက်ထား စဉ်းစားခံနေရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို သိရပြီး အိုးထရက်ဖိုဒ်က တာဝန်ရှိသူအချိုဟာ ဂျာမန်ဂိုးသမားရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်နိုင်စွမ်းကို အသိအမှတ်ပြုလေးစားနေကြတာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဂိုးသမားဟာ ဘာစီလိုနာမှာ ၂၀၁၄ ခုနှစ်ကတည်းက ကစားပေးခဲ့သူဖြစ်ပြီး လာလီဂါချန်ပီယံတွေနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။
လက်ရှိမှာတော့ တာစတီဂျန်အနေနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ကာလအတွက် ရစရာရှိတဲ့ လစာတွေကို ဘာစီလိုနာက ပေးခဲ့မယ်ဆိုရင် နူးကမ့်ကို စွန့်ခွာဖို အဆင်သင့်ဖြစ်နေတာကြောင့် မန်ယူနိုက်တက်အနေနဲ့ အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို စပိန်သတင်းဌာန စပိုက ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂိုးသမားသစ် ယိုအန်း ဂါစီယာကို ခေါ်ယူခဲ့ပြီး ပိုလန်ဂိုးသမား ရှက်ဇ်နီကို စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်တာကြောင့် တာစတီဂျန်ဟာ နည်းပြဟန်ဆီ ဖလစ်လက်အောက်မှာ ဆက်ကစားမယ်ဆိုရင်လည်း တတိယပွဲထွက်ဂိုးသမားအဖြစ် ရာထူးလျှော့ချခံရမှာဖြစ်တာကြောင့် ဂျာမန်ဂိုးသမားဟာ ကာလရှည်ကစားပေးလာတဲ့ အသင်းရဲ့ သစ္စာဖောက်မှုခံရတဲ့အတွက် အလွန်ဒေါသထွက်နေတယ်လို သိရပါတယ်။
တာစတီဂျန်ဟာ ချဲလ်ဆီး၊ ဂလာတာဆာရေး၊ မိုနာကိုအသင်းတိုဆီ ဒီနွေရာသီမှာ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကိုလည်း ပယ်ချခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းအနေနဲ့ ဂျာမနီဂိုးသမားကို ထွက်စေချင်ရင် စာချုပ်သက်တမ်းကျန်ရှိသေးတဲ့ လစာပမာဏကို ပေးချေပြီးတာနဲ့ အလွယ်တကူ ကန်ထုတ်နိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။
အိုနာနာဟာလက်ရှိမှာ မန်ယူနိုက်တက်ရဲ့ နံပါတ် ၁ ပွဲထွက်ဂိုးသမားအဖြစ်ရှိနေပေမယ့် ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အင်တာမီလန်ကနေ ပေါင် ၄၃.၈ သန်းနဲ့ ပြောင်းလာပြီးကတည်းက အသင်းကို ဒုက္ခရောက်စေမယ့် အမှားတွေ အများအပြား ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
နည်းပြဟောင်း အဲရစ် တန်ဟက်က အိုင်းယက်စ်မှာတုန်းက အိုနာနာနဲ့ အတူတူအလုပ်လုပ်ခဲ့ဖူးတာကြောင့် မန်ယူနိုက်တက်က ခေါ်ယူပေးခဲ့တာဖြစ်ပေမယ့်လည်း အသက် ၂၉ နှစ်အရွယ်ဂိုးသမားက နည်းပြသစ် အမိုရင်ရဲ့ ယုံကြည်မှုရအောင် မလုပ်နိုင်ခဲ့တာကြောင့် ဒီနွေရာသီမှာ ပေါ်တူဂီလူမျိုးနည်းပြက ဂိုးသမားသစ် ရှာဖွေနေတာဖြစ်ပါတယ်။
အိုနာနာဟာ အိုးထရက်ဖိုဒ်မှာ ဆက်နေပြီး သူ့အပေါ် လူတွေရဲ့အမြင် ပြောင်းလဲလာအောင် လုပ်ပြနိုင်လိမ့်မယ်လို ယုံကြည်ချက်အပြည့်ရှိနေတာကြောင့် မိုနာကိုအသင်းရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းပယ်ခဲ့ပြီး မန်ယူနိုက်တက်မှာ ဆက်နေဖို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။