လက်ရှိနွေမှာ နည်းပြ အမော်ရင် အတွက် ခေါင်းကိုက်စရာ ဖြစ်နေတဲ့ အကြပ်အတည်း
မန်ချက်စတာယူနိုက်တက်နည်းပြအမော်ရင်ဟာ အခုနွေရာသီအတွင်း ကစားသမားတွေကို ရောင်းချငွေရှာဖို့ ပြင်ဆင်နေပေမဲ့ ကမ်းလှမ်းမဲ့ အသင်းမရှိလို့ ခေါင်းခဲနေချိန်မှာ အငှားချထားတဲ့ အမေ့ခံကစားသမားတစ်ဦးကလည်း အသင်းကို ပြန်ရောက်လာတာကြောင့် အမော်ရင်အတွက် နောက်ထပ် ခေါင်းကိုက်စရာဖြစ်လာပါပြီ။
ယူနိုက်တက်နောက်ခံလူ မာလာစီယာဟာ ပြီးခဲ့တဲ့ရာသီက PSV အသင်းဆီ အငှားနဲ့သွားရောက်ကစားခဲ့ပြီး PSV အသင်းက သူ့ကို အပြီးသတ် မခေါ်ဘဲ အငှားစာချုပ်သက်တမ်းကုန်ချိန်မှာ ယူနိုက်တက်အသင်းကို ပြန်ပို့ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ဘယ်နောက်ခံလူ မာလာစီယာဟာ ၂၀၂၂ ခုနှစ်တုန်းက ဖီယင်နုအသင်းကနေ ယူနိုက်တက်ကို ပေါင် ၁၄.၆ သန်းနဲ့ရောက်ရှိခဲ့ပြီး နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ မာလာစီယာဟာ ပုံစံကောင်းပြသနိုင်ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ၁၈ လအထိ အနားယူခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ မာလာစီယာကို အခုနွေရာသီအတွင်း ရောင်းချသွားဖို့ ပြင်ဆင်နေပေမဲ့လည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တစ်သင်းမှ မရှိဘူးလို့ The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဆန်ချို၊ အန်တိုနီတို့ကိုလည်း ရောင်းချဖို့ ကြိုးစားနေပေမဲ့ ဘယ်အသင်းကမှ တရားဝင် ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။
ကစားသမား ရောင်းချမှုတွေ အထမမြောက်တာကြောင့် ကစားသမားသစ် ဝယ်ယူရေးကလည်း ကြံ့ကြာမှုတွေ ရှိနေတာပါ။