ရာသီကြိုမှာ နည်းပြ အေမိုရမ် ကြွေသွားအောင် ကြိုးစားပြမယ့် ဒီယေဂို လီယွန်
မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဒီယေဂိုလီယွန်ဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ကလပ်သစ်နှင့် ပူးပေါင်းလာပြီးပါက ပထမအသင်းအတွက် တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးလာပါတယ်။
ပါရာဂွေးမှ ဆယ်ကျော်သက်ဘယ်နောက်ခံလူဟာ ယခုအပတ်တွင် မန်ချက်စတာသို့ ရောက်လာပါမယ်။
ယူနိုက်တက်ဟာ ယခုနှစ် အစောပိုင်းကတည်းက လီယွန်အား ပေါင် ၇ သန်းအထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် Cerro Porteno မှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားသူပါ။
သူဟာ အငှားချခြင်းမခံရအောင် ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် အေမိုရမ် သဘောကျလာအောင် ကြိုးစားပြသွားရန် ဆုံးဖြတ်ထားပါတယ်။
လီယွန်က “အရမ်းပျော်တယ်။ ဒါက ကစားသမားတိုင်းရဲ့အိပ်မက်လို့ ထင်တယ်။ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်လာတဲ့အခါ အလျှင်အမြန်အံ့ဝင်အောင် လုပ်ရမယ်။ ဒါက တကယ့်ကို ကြီးမားတဲ့အခွင့်အရေးပါ။ လူတိုင်းက ကျွန်တော့်ကို အငှားချခံရမယ်လို့ ထင်နေကြတယ်။
ဒါပေမဲ့ ဒါကို စိတ်ထဲ မထားဘူး။ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို အဲဒါကို အဆုံးသတ်သွားမယ်။ တစ်ပွဲ သို့မဟုတ် နှစ်ပွဲတည်းနဲ့ အဆုံးသတ်မယ်။ သူတို့အတွက် ကစားဖို့ အသင့် ဖြစ်နေပါပြီ”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ နှစ်ပတ်ကြာ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် ပြီးဆုံးပါက ဇူလိုင်လ ၁၉ ရက်နေ့တွင် စတော့ဟုမ်းတွင် လိဒ်နှင့် ခြေစမ်းပွဲ ကစားပါမယ်။ ပြီးလျှင် ၎င်းတို့ဟာ အမေရိကန်သို့ သွားရောက်ကာ ပရီးမီးယားလိဂ်နွေရာသီစီးရီးအဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နှင့် ခြေစမ်းပွဲ ကစားပါမယ်။ ၎င်းတို့ဟာ ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် ဩဂုတ်လ ၉ ရက်နေ့မှာ ဖီအိုရင်တီးနားနှင့် ခြေစမ်းပါမယ်။
အေမိုရမ်နှင့် နည်းပြအဖွဲ့ဝင်များဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်း လီယွန်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ကာ အငှားချသင့်/မသင့်၊ ပထမအသင်းတွင် ဆက်ထား/မထား ဆုံးဖြတ်လာပါမယ်။
ဆယ်ကျော်သက်ကစားသမားဟာ အေမိုရမ်ရဲ့ ၃-၄-၃ ကစားကွက်တွင် ဘယ်တောင်ပံခံစစ်နေရာကို ရရှိရေးအတွက် ပက်ထရစ်ဒေါ်ဂူ၊ ဟယ်ရီအေမက်စ်တို့နှင့် နေရာအပြိုင်လုရမယ်။ တဖက်တွင် လုခ်ရှောမှာလည်း ကာလရှည်ကြာဒဏ်ရာမှ နားနေရာမှ ပြန်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဘယ်ခြမ်း ဗဟိုနောက်ခံလူအဖြစ် ကစားလာဖို့ရှိပါတယ်။
လီယွန်ဟာ ယူနိုက်တက်နှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုလာမှာ ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုလာပါမယ်။ သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပါရာဂွေးတွင် မိသားစု၊ သူငယ်ချင်းများနှင့် နှုတ်ဆက်ပါတီပွဲ ပြုလုပ်ခဲ့ပါတယ်။