အင်တာ ပစ်မှတ်ထားခံနေရတဲ့ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်း က အနာဂတ်အတွက် ဆုံးဖြတ်

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့တဲ့ ဒိန်းမတ်လူငယ်တိုက်စစ်မှူးဟွိုင်လန်းဟာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာရှိသေးသူ ဟွိုင်လန်းဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိပြီး နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ သဘောတူညီချက် ပါဝင်ပေမဲ့ အသင်းမှာ ဆက်ကစားဖို့ မရေမရာဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၃ သြဂုတ်လတုန်းက အတ္တလန်တာအသင်းကနေ ဟွိုင်လန်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း၊ အောင်မြင်မှုအလိုက် Add-ons ကြေး ပေါင် ၈ သန်းနဲ့ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် ဟွိုင်လန်းဟာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်း မပြသနိုင်ဘဲ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၃၂ ပွဲကစား၊ ၄ ဂိုးသာ သွင်းယူခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း စီးရီးအေထိပ်သီး အင်တာမီလန်အသင်းက ဟွိုင်လန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ယူနိုက်တက်ကလည်း ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ နာမည်ကျော်အားကစားဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက အင်တာမီလန်ကို ဟွိုင်လန်း ရောက်ဖို့က မသေချာဘဲ ဟွိုင်လန်းဟာ ယူနိုက်တက်မှာပဲ ဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့် ဟွိုင်လန်းရဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ယူနိုက်တက် အသင်းဘက်က ဟွိုင်လန်းကို ရောင်းချဖို့ တရားဝင် ဆုံးဖြတ်ချက်ချမှပဲဖြစ်လာနိုင်မှာပါ။