မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြိုမှာ စောစောစီးစီး ကြုံလာရတဲ့ ဒဏ်ရာ သတင်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမားအင်ဒရေအိုနာနာမှာ တံကောက်ကြော ဒဏ်ရာရရှိကာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်လာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ကစားသမားရဲ့ ဒဏ်ရာအခြေအနေအား အစောပိုင်း စစ်ဆေးမှုအရ ၆ ပတ်မှ ၈ ပတ်အထိ အနားယူလာရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ဆီနီဂေါလက်ရွေးစင်ဂိုးသမားဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နှင့် ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်လာဖို့ သေချာနေပါတယ်။
ယူနိုက်တက်ဟာ ယခုအပတ်အစောပိုင်းမှ စတင်ကာ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု စတင်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင် အိုနာနာမှာ တံကောက်ကြောဒဏ်ရာရရှိလာတာ ဖြစ်ပြီး ကလပ်နှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းမဆင်းနိုင်တော့ဘဲ နုတ်ထွက်လိုက်ရပါတယ်။
ယခုကဲ့သို့ အိုနာနာ အနားယူလာရမှုနှင့်အတူ ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်ဟာ ယခုနွေရာသီတွင် ဂိုးသမားသစ်ခေါ်ယူရေး စဉ်းစားလာနိုင်ပါတယ်။
တဖက်တွင် အေမိုရမ်အနေဖြင့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို အိုနာနာ လွဲချော်လာမည်ဆိုပါက အယ်တေးဘာယန်ဒါကို အသုံးပြုလာနိုင်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တွင် အခြားဂိုးသမားများအဖြစ် တွမ်ဟီတန်၊ အသက် ၂၁ နှစ်ရှိ ချက်ဂိုးသမားရာဒက်ခ်ဗီတီတို့လည်း ရှိပါသေးတယ်။
ယူနိုက်တက်ဟာ နွေရာသီအစောပိုင်းတုန်းက ဗီလာမှ အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ကို ခေါ်ယူရေး ကြိုးပမ်းလာမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းတွင် သွေးအေးသွားခဲ့ပါတယ်။