ဂိုးသမားသစ် ရှာဖွေနေရပြီတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

မန်ယူနိုက်တက် အသင်းဂိုးသမား အိုနာနာ ရဲ့ ဒဏ်ရာ အနေအထားကြောင့် အသင်းဘက်က နောက်ထပ် ဂိုးသမားတစ်ယောက် ထပ်မံလိုက်ရှာနေရပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

တံကောက်ကြော ဒဏ်ရာကြောင့် ရာသီအဖွင့်ပွဲစဉ်တွေကို လွဲချော်မယ့် အိုနာနာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း ယခုလို မမျှော်လင့်ပဲ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ထင်ထားတာထက် ပိုမို ပြင်းထန်ခဲ့ပါတယ်။

အာဆင်နယ်၊ ဖူဟမ် စတဲ့ အဖွင့်ပွဲစဉ်တွေ ကစားရမယ့် မန်ယူအသင်းဟာ အစောပိုင်းကတည်းက အိုနာနာရဲ့ နေရာကို အစားထိုးဖို့ ဂိုးသမားသစ် စောင့်ကြည့်နေကြတာပါ။

အခုတော့ အိုနာနာ ဒဏ်ရာကြောင့် ဂိုးသမားသစ် ခေါ်ယူရေးကိစ္စအား လာမယ့်ရာသီကြိုပွဲစဉ်အပြီး အပြီးသတ် ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

အက်စ်တွန်ဗီလာမှ မာတီနက်ဇ်နဲ့ ဘိုတာဖိုဂို မှ ဂျွန်ဗစ်တာတို့ကို မန်ယူအသင်းက အစောပိုင်းကတည်းက စောင့်ကြည့်နေကြတာ ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ မာတီနက်ဇ်ဘက်ကို ပိုမို အားထည့် ချိတ်ဆက်နေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ အစောပိုင်းတုန်းက အိုနာနာကို မိုနာကို အသင်းထံ ရောင်းချဖို့ ကြိုးစားခဲ့ဖူးပြီး မန်ယူအသင်းတောင်းဆိုတဲ့ ပေါင် သန်း ၃၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။