ပီအက်စ်ဂျီ တိုက်စစ်မှူး ကို ခေါ်ယူရေး ဆွေးနွေးနေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟူဂို အက်ခီတိုက်ကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ပီအက်စ်ဂျီကြယ်ပွင့် ကိုလိုမူအာနီကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးနေတယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီ တိုက်စစ်မှူး ရှာပုံတော်ခရီးမှာ စိတ်ပျက်ခဲ့ရပြီး ဗစ်တာ ဂယော်ကီရက်စ်၊ ဟူဂို အက်ခီတိုက်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
Footmercato ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ၂ သင်းစလုံးဟာ ကိုလို မူအာနီကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဒီနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
မန်ယူနိုက်တက်ဟာ အက်ခီတိုက်ရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပြီးနောက် ကိုလို မူအာနီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို အရှိန်မြှင့်ခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်က အမိုရင်ရဲ့တိုက်စစ်ကို အင်အားပိုကောင်းလာစေမယ့် ကစားသမားလို့ ရှုမြင်နေတာဖြစ်ပါတယ်။
က်ုလို မူအာနီဟာ ပြီးခဲ့တဲ့ရာသီ ဒုတ်ယပိုင်းကို ဂျူဗင်တပ်မှာ အငှားနဲ့သွားကစားခဲ့ပြီး ၂၂ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်ကလည်း ပြင်သစ်တိုက်စစ်မှူးကို အပြီးသတ် ခေါ်ယူချင်နေပေမယ့်လည်း ပီအက်စ်ဂျီနဲ့ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။
ပီအက်စ်ဂျီက အသက် ၂၆ နှစ်အရွယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ အနည်းဆုံး လိုချင်နေပြီး ကိုလို မူအာနီဟာ ပြီးခဲ့တဲ့ ၂ နှစ်ကမှ ဖရန့်ဖွတ်ကနေ ကနဦး ယူရို ၇၅ သန်း+ထပ်ဆောင်း ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။