မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် အမ်ဘူမို ရဲ့ စိတ်အားထက်သန်တဲ့ နှုတ်ခွန်းဆက်စကား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်ကစားသမား အမ်ဘူမိုကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုရဲ့အပြောင်းအရွှေ့ဖြစ်လာဖို့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ ၁ လကျော်အထိ ဆွေးနွေးမှုပြုလုပ်ပြီးမှ အခုနောက်ဆုံး အမ်ဘူမိုကို ခေါ်ယူစာချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ပေါင် ၅၅ သန်း၊ ပေါင် ၆၂.၅ သန်းတို့နဲ့ ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမဲ့ ဘရန့်ဖို့ဒ်အသင်းက ပယ်ချခဲ့ပြီး အခု ပေါင် ၇၁ သန်းနဲ့ သဘောတူညီမှုရခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းကို ၄ ရစ်ခွဲပြီးတော့ ပေးချေရမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-ons ကြေးအဖြစ် နောက်ထပ် ပေါင် ၆ သန်း ပေးချေရမှာပါ။

အမ်ဘူမိုဟာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး အသင်းသစ်နဲ့အတူ အမေရိကန်ခြေစမ်းပွဲခရီးစဉ်မှာ လိုက်ပါသွားဖို့ရှိနေပါပြီ။

ယူနိုက်တက်နဲ့စာချုပ် ချုပ်ဆိုပြီးတဲ့နောက် အမ်ဘူမိုက “ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ချိန်မှာ ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျွန်တော့်ရဲ့အိပ်မက်ကလပ်အသင်းကို ပြောင်းဖို့ ဆန္ဒပြင်းပြခဲ့ပါတယ် . . .”

“နည်းပြအမော်ရင်လက်အောက်မှာ သင်ယူစရာတွေရှိတာ သင်ယူပြီး ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့အတူ တွဲဖက်ကစားရမှာဖြစ်လို့ ကျွန်တော့်ရဲ့ကစားသမားဘဝကို နောက်တစ်ဆင့်မြှင့်နိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့အခြေအနေနဲ့ အနာဂတ်စီမံကိန်းတွေက ဘယ်လောက်အထိ စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာ လူတိုင်းက ကျွန်တော့်ကို အသိပေးပြောဆိုခဲ့ပါတယ် . . ”

“ယူနိုက်တက်အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ကလပ်ဖြစ်ပြီး မယုံနိုင်စရာ ဘောလုံးကွင်းနဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့အားလုံးက အသင်းနဲ့အတူ ကြီးမားတဲ့ဆုဖလားအောင်မြင်မှုရယူသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၃၈ ပွဲကစား၊ အခွင့်အရေးဖန်တီးနိုင်မှု အကြိမ် ၇၀၊ ဘောလုံးပေးပို့မှု ၁,၀၉၂ ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု ၄၉ ကြိမ်၊ ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အမ်ဘူမိုထက် ဂိုးပိုသွင်းနိုင်တာဆိုလို့ ဆာလာ(၂၉ ဂိုး)၊ အီဆက်ခ် (၂၃ ဂိုး)၊ ဟာလန်း (၂၂ ဂိုး)တို့သာရှိပါတယ်။