၃ ဦးကို ယတိပြတ် ချန်ထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြိုခရီး လူစာရင်း ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းခရီးစဉ်ထွက်ခွာမယ့် ၃၂ ဦးလူစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပြီး ထိုစာရင်းမှာ ဟာရီ မက်ဂွိုင်းယား ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

မကိဂွိုင်းယားဟာ စနေနေ့က လိဒ်စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပထမပိုင်း လူစားဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်းလနှောင်းပိုင်းမှာ လူငယ်နောက်ခံကစားသမား တိုင်လာ ဖရက်ဒရစ်ဆင်နဲ့လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ခဲ့တဲ့ မားသီးယပ်စ် ကွန်ညာကတော့ အသင်းဖော်သစ်တွေနဲ့ လိုက်ပါမှာဖြစ်ပြီး ကစားသမားသစ် အမ်ဘူးမိုလည်း လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ အိုနာနာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ ၂ ဦးလည်း ခြေစမ်းခရီးစဉ်ကို လိုက်ပါမှာဖြစ်ပြီး အာဂျင်တီးနားနောက်ခံလူဟာ ဖေဖော်ဝါရီလမှာ ရခဲ့တဲ့ ဒူးရွတ်စုတ်ပြဲဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် လေ့ကျင့်ရေးတောင် ပြန်မဆင်းနိုင်သေးတာဖြစ်ပါတယ်။

အကယ်ဒမီဂိုးသမား ဝီလ် မားဒေါ့၊ နောက်ခံလူ ရီးစ် မွန်ရို၊ ကွင်းလယ်လူ ဂျက်ခ် ဖလက်ချာ၊ တိုက်စစ်ကစားသမား အီသန် ဝီလီယံစ်နဲ့ ဘင်နီတို မန်တာတိုတို့လည်း လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းကို လိဂ်တူးကလပ် ချယ်တန်ဟမ်မှာ အငှားသွားကစားခဲ့တာဖြစ်ပြီး မားဒေါ့၊ မွန်ရို၊ ဖလက်ချာနဲ့ မန်တာတိုတို့က ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

ဂါနာချို၊ အန်တိုနီနဲ့ မာလာစီယာတို့ ကတော့ ပထမအသင်းနဲ့ လေ့ကျင့်ရေး ပြုလုပ်ခွင့်မရခဲ့သလို ယူအက်စ်ခရီးစဉ် လူစာရင်းထဲကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ခြေစမ်းပွဲ ခရီးစဉ်တလျှောက်လုံးကို ချီကာဂို ဖိုင်းယားအသင်းလေ့ကျင့်ရေးကွင်းမှာ စခန်းချမှာဖြစ်ပြီး ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နဲ့ ကစားသွားမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်ရဲ့ ခြေစမ်းခရီးစဉ် လူစာရင်း

ဂိုး-အိုနာနာ၊ ဘရင်ဒီယာ၊ ဟီတန်၊ မီး၊ မားဒေါ့

နောက်တန်း-ဒါလော့၊ ဒီလိုက်တ်၊ ဒေါ်ဂူ၊ ဖရက်ဒရစ်ဆင်၊ ဟဲဗန်း၊ လီယွန်၊ မာတီနက်ဇ်၊ မက်ဇရာဝီ၊ မွန်ရို၊ ရှော၊ ယိုရို

အလယ်တန်း-ကက်စမီရို၊ ကိုလီယာ၊ ဖာနန်ဒက်စ်၊ ဖလက်ချာ၊ ကိုနေး၊ မိန်းနူး၊ မောင့်၊ အူဂါတီ

ရှေ့တန်း-အာမက်၊ ကွန်ညာ၊ ဟွိုင်လန်း၊ မန်တာတို၊ အမ်ဘူးမို၊ အိုဘီ မာတင်၊ ဝီလီယံစ်၊ ဇာဇီး