မိန်းနူးကို ခေါ်ယူဖို့ မေးမြန်းထားတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ကော်ဘီ မိန်းနူးကို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတသင်းက အနီးကပ်စောင့်ကြည့်နေပြီး မကြာသေးမီက စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိန်းနူးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စိတ်ပျက်စရာတွေနဲ့ ကြုံခဲ့ရတဲ့ အိုးထရက်ဖို့ဒ်မှာ အပြုသဘောဆောင်တဲ့အရာတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် အကယ်ဒမီထွက်ကစားသမားဟာ ဒီနွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတာဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ကစားသမားဟာ အမိုရင်ရောက်လာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် မကစားခဲ့ရတာဖြစ်ပြီး ၂၀၂၄ မတ်လကတည်းက စာချုပ်သစ်အတွက် ဆွေးနွေးခဲ့ပေမယ့် အခုချိန်အထိ သဘောတူညီမှူရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းက Manchester Evening News က မိန်းနူးအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ပေါင်သန်း ၇၀ နဲ့ ဒီနွေရာသီမှာ ထွက်ခွာနိုင်ခြေ အမှန်တကယ် ရှိနေတယ်လို့ ဖော်ပြခဲ့ပြီး ဒီအပတ်မှာ တော့တင်ဟမ်ဟော့စပါးက ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့တယ်လို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းဟာ ကော်ဘီ မိန်းနူးရဲ့ အိုးထရက်ဖို့ဒ်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး TBR ရဲ့ ဖော်ပြချက်အရ စပါးစ်က မိန်းနူးကို နှစ်သက်သဘောကျနေပြီး စုံစမ်းမေးမြန်းမှုတွေတောင် ပြုလုပ်ပြီးပြီလို့ သိရပါတယ်။
မိန်းနူးက အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်စိတ်ရှိနေပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိတာကြောင့် ရောင်းထုတ်ခံရနိုင်တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
မိန်းနူးဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ပွဲကစားချိန် ကန့်သတ်ခြင်း ခံခဲ့ရပြီး အမိုရင်ရဲ့ အရှိန်အဟုန်ပြင်းထန်တဲ့ ၃-၄-၂-၁ ကစားကွက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။