ဘရူနိုဖာနန်ဒက်စ် သွင်းဂိုးတွေကြောင့် ခြေစမ်းပွဲမှာ အရှက်မကွဲဘဲ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်

ဒီမနက် အစောပိုင်းက အမေရိကန်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုကြောင့် ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းမှာ ဂိုး-ဘေယင်ဒီယာ၊ နောက်တန်း-ယော်ရို၊ ဒီလိဂ်၊ ဟဲဗန်း၊ အလယ်တန်း-ဒီယာလို၊ အူဂါတေ၊ ကိုဘီမင်နူး၊ ဒေါ်ဂူ၊ ရှေ့တန်း-ကူညာ၊ ဟွိုင်လန်း၊ ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်ခဲ့ပြီး အမော်ရင်က သူ့ ထုံးစံအတိုင်းပဲ ၃-၄-၂-၁ ကစားကွက်ကိုပဲ ခင်းကျင်းခဲ့ပါတယ်။

မကြာသေးခင်ကမှ အသင်းကို ရောက်လာတဲ့ တိုက်စစ်ကစားသမားသစ် အမ်ဘူမိုကတော့ လူစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။

ပွဲအစပိုင်းကတည်းက ယူနိုက်တက်တို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် ထိုးပေးတာကနေ ဟွိုင်လန်း အပိုင်ကန်သွင်းပေမဲ့ သူ့ကန်ချက်က ဂိုးတိုင်ထိသွားလို့ နစ်နာခဲ့ရပါတယ်။

ဟွိုင်လန်းဟာ အခုပွဲမှာ တော်တော်လေး ကြိုးစားကစားခဲ့ပြီး အခွင့်အရေးတချို့ရပေမဲ့ ကံမကောင်းလို့ ဂိုးမရခဲ့ပါဘူး။
ပထမပိုင်း ၅ မိနစ်မှာ ဝက်စ်ဟမ်းဂိုးသမား အာရီအိုလာရဲ့အမှားကနေ ယူနိုက်တက်တို့ ပယ်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ပထမပိုင်းမှာ အူဂါတေ ခင်းပေးတာကို ဒီယာလိုက ပိတ်သွင်းခဲ့ပေမဲ့ လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်း ၅၂ မိနစ်မှာလည်း ဝက်စ်ဟမ်းဂိုးသမားအာရီအိုလာ လူပေးမှားမှုကြောင့် ကိုဘီမင်နူးက ဘောလုံးဖြတ်ယူပြီးတော့ ပေးလိုက်တဲ့ ဘောလုံးကို ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီဧရိယာထိပ်ကနေ လှလှပပ ဝေ့ဝိုက်ကန်ပြီး ဒုတိယဂိုးသွင်းခဲ့ပါတယ်။

အဲဒီမတိုင်ခင် ဘရူနိုဖာနန်ဒက်စ်ဟာ ဂိုးသမားနဲ့တစ်ယောက်ချင်း အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ အာရီအိုလာ ကာကွယ်သွားတာကြောင့် ဟက်ထရစ်ရမဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုးကို ၆၃ မိနစ်မှာ ဘိုဝင်က သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာလည်း ဘိုဝင်က ဒုတိယချေပဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့ပေမဲ့ သူ့ရဲ့ကန်ချက်ကို ဂိုးသမား ဘေယင်ဒီယာ လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။

အဲဒါကြောင့် ပွဲအပြီးမှာ ယူနိုက်တက်တို့ ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။
အခုပွဲမှာ ကစားသမားသစ် ကူညာဟာ တိုက်စစ်မှာသာမက ကွင်းလယ်အထိဆင်းပြီးတော့ နေရာစုံမှာ ကစားခဲ့ပြီး အားရစရာခြေစွမ်းပြသနိုင်ခဲ့ပါတယ်။