ခြေစမ်းပွဲ ဆိုပေမယ့် အားရစရာ ကောင်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုန်းမောက်ကို ဂိုးပြတ်နိုင်ပွဲ
ဒီမနက် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်ကစားသမားတွေဟာ အံ့အားသင့်စရာ အားရဖွယ် ကစားခဲ့ကြပြီး ခြေစွမ်းကလည်း တော်တော်လေး ကျေနပ်စရာကောင်းခဲ့ပါတယ်။
ရာသီကြိုခြေစမ်းပွဲမှာ ဘုန်းမောက်ကို အနိုင်ရခဲ့တာက သိပ်ပြီး ဂုဏ်ဆာစရာ မရှိပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်တို့ အိမ်ကွင်း ဘုန်းမောက်ကို ၃-၀ ဂိုးပြတ်ရှုံး၊ အဝေးကွင်းမှာ ၁-၁ ဂိုးစီ သရေနဲ့ မရှုမလှဖြစ်ခဲ့တာကြောင့် အခုနိုင်ပွဲက ယူနိုက်တက်အတွက် စိတ်ကျေနပ်စရာ နိုင်ပွဲနဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။
နောက်ထပ် ချီးကျူးရမှာက ယူနိုက်တက်ကစားသမားတွေရဲ့ On The Ball ၊ Off The Ball Movement တွေဖြစ်ပြီး လိဒ်စ်၊ ဝက်စ်ဟမ်းတို့ပွဲတွေကထက် ပိုတိုးတက်လာသလို ဒီအနေအထားကို ဆက်ထိန်းနိုင်ဖို့ပဲ လိုပါတယ်။
ဒေါ်ဂူ+မေဆင်မောင့်တို့ရဲ့ ဘယ်ခြမ်း၊ ဒါလော့တ်+ဒီယာလိုတို့ရဲ့ ညာခြမ်းတိုက်စစ်အားကို ဘုန်းမောက်ခံစစ်က မထိန်းချုပ်နိုင်သလို တိုက်စစ်မှူးဟွိုင်လန်းကလည်း တော်တော်လေးကြိုးစားအားထုတ်ခဲ့ပြီး ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့အဖွင့်ဂိုးကို ပွဲအစ ၈ မိနစ်မှာပဲ ဒေါ်ဂူ တင်ပေးတာကနေ ဟွိုင်လန်းက ခေါင်းတိုက်ပြီးတော့ သွင်းယူခဲ့သလို ၂၅ မိနစ်မှာ မေဆင်မောင့်ရဲ့ Quick Freekick ကနေ ဒေါ်ဂူက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခဲ့ပါတယ်။
အဲဒီနောက် ၅၃ မိနစ်မှာ ဒီယာလို၊ ၇၂ မိနစ်မှာ လူငယ်ကစားသမားလေး အီသန်ဝီလီယံစ်က ဂိုးတွေ ထပ်သွင်းခဲ့ပြီး ဘုန်းမောက်ရဲ့ သိက္ခာဆယ်ဂိုးကတော့ ၈၈ မိနစ်မှာ ဒီလိဂ်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ Premier League Summer Series 2025 ပြိုင်ပွဲမှာ ၂ ပွဲကစား၊ ၂ ပွဲနိုင် ၆ မှတ်နဲ့ ဦးဆောင်နေပြီး နောက်ဆုံးပွဲအဖြစ် တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ယှဉ်ပြိုင်ကစားသွားမှာပါ။