ယူရိုပါလိဂ် ဆင်းကန်ရမယ့် ဘာစီလိုနာ၊ တူချယ် လူထုတ်ပုံ ဝေဖန်ခံရခြင်းနဲ့ နံနက်ခင်း သတင်းများ

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲ အဖြစ် ဘိုင်ယန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာ အရင် ရှုံးကြွေးကို မဆပ်နိုင်ဘဲ ၃-ဝ နဲ့ အရေးနိမ့်ခဲ့ရပြီ ဖြစ်ကာ ယူရိုပါလိဂ်သို့ ဆင်းကန်ရတော့မှာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီကတော့ ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်နေက နှုတ်ဆက်ခဲ့ရပြီးနောက် “ဘာစီလိုနာ ဟာ ယူရိုပါလိဂ်မှာ ကစားရမဲ့ အသင်းမဟုတ်ပါဘူး။ ဘာစီလိုနာရဲ့ ခေတ်သစ်တစ်ခုဟာ ဒီနေ့ပဲစတင်ပါတယ်။ ကျွန်တော်တို့ သုညကနေ ပြန်ပြီး စတင်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်းဂျိုလ်ကိုးကတော့ ဇင်းနစ်နဲ့ပွဲမှာ အဓိက နောက်ခံလူတွေဖြစ်ကြတဲ့ ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗားတို့ကို ထည့်သွင်းခြင်း မရှိဘဲ အရဲစွန့်ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ နားလည်ရခက်ကြောင်း၊ ဦးဆောင်နိုင်သူတွေ မပါရင် ဒီလိုမျိုးဖြစ်ရပ်တွေ ဖြစ်တတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဇင်းနစ်နဲ့ ပွဲစစချင်း တီမိုဗာနာ ဂိုးသွင်းခဲ့တာကြောင့် စောစော ဦးဆောင်ခဲ့ပေမယ့် ဂိုးများ ဆက်တိုက် ပေးခဲ့ရကာ ၃-၃ နဲ့ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုပွဲကို ချဲလ်ဆီးအသင်း ပိုင်ရှင် အေဗရာမိုဗစ်ကလည်း ရုရှားမှာ ကိုယ်တိုင် လာကြည့် အားပေးသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မူလာက ဘာစီလိုနာနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုး ၅၀ ပြည့်မြောက်တဲ့ (၈) ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဂျာမနီ ကစားသမားတွေထဲမှာ မူလာက ဂိုး ၅၀ ပြည့်မြောက်တာ ပထမဆုံးပါပဲ။

မန်ယူနည်းပြ ရန်နစ်က ယန်းဘွိုင်းစ်နဲ့ပွဲမှာ မန်ယူကစားသမားတချို့ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း၊ ကစားသမားတချို့ဟာ သူ့ရဲ့ ညွှန်ကြားချက်ကို လျစ်လျူရှုခဲ့ကြကြောင်း၊ ယန်းဘွိုင်းစ်နဲ့ပွဲမှာ သူတို့ရဲ့အသင်းလိုက် ကစားပုံမကောင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟောင်း အန်ဒီတောင်ဆန်က အာဆင်နယ်အနေနဲ့ အူဘာမီယန်ကို ထည့်သွင်းကစားနေတာက ၁၀ ယောက်တည်းနဲ့ ကစားရသလို ဖြစ်နေကြောင်း၊ အာတီတာအနေနဲ့ အူဘာမီယန်ကို ချန်လှပ်ခဲ့တာ မှန်ကန်မှုရှိကြောင်း ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက အသင်းဖော် မက်ဆီနဲ့တွဲကစားရတာ လွယ်ကူမှုရှိကြောင်း၊ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ကြောင်း၊ မက်ဆီအနေဲ့ အသင်းကိုများစွာ ကူညီပေးနိုင်မယ်လို့မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဝီနယ်ဒမ်ကို အငှားချဖို့ စီစဉ်လျက်ရှိနေကြောင်း သိရပါတယ်။ ဝီနယ်ဒမ်ဟာ ပြီးခဲ့နွေရာသီ လီဗာပူးကနေ ပီအက်စ်ဂျီကို အလွတ်နဲ့ပြေငာ်းလာခဲ့ပြီး အသင်းသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတာပါ။

လာလီဂါထိပ်သီးကလပ် ရီးရဲဥက္ကဋ္ဌ ပီရက်ဇ်က ကွင်းလယ်လူ တိုနီခရူးစ်ဟာ ရီးရဲရဲ့ ရာစုနှစ်အတွင်း အကောင်းဆုံး ခေါ်ယူမှုဖြစ်ကြောင်း၊ တိုနီခရူးစ်ဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားမျိုးဖြစ်ပြီး နှစ်လိုဖွယ် ကောင်းသူမျိုး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။