အဲဗာတန်နဲ့သရေကျခဲ့ပေမယ့် PL Summer ချန်ပီယံ ဖြစ်ကာ ဖလားရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ကတော့ သိပ်ပြီး ချီးကျူးမခံပါဘူး။ အရင်ပွဲမှာ ဘုန်းမောက်ကို အနိုင်ရခဲ့လို့ ဟုတ်မလိုလိုဖြစ်ခဲ့ပေမဲ့ အခု အဲဗာတန်နဲ့ပွဲမှာတော့ ပေါ့ပျက်ပျက် အမှား ၂ ကြိမ်ကနေ မဖြစ်သင့်တဲ့ ဂိုးတွေပေးခဲ့ရပြီး သရေကျခဲ့ပါတယ်။

အခုပွဲမှာ တိုက်စစ်ကစားသမားသစ် အမ်ဘူမိုဟာ ယူနိုက်တက်အတွက် ပွဲဦးထွက်ကစားခဲ့သလို ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ကူညာ၊ အမ်ဘူမို၊ ဘရူနိုဖာနန်ဒက်စ်တို့က Rotate လုပ်ပြီးတော့ နေရာစုံကနေ ထိုးဖောက်ကစားခဲ့ပြီး ၃-၄-၂-၁ ၊ ၃-၄-၁-၂ ကစားကွက်တွေကို အလျဉ်းသင့်သလို အသုံးပြုခဲ့ပါတယ်။

အမ်ဘူမိုဟာ Work Rate ကောင်းတဲ့သူဖြစ်လို့ တိုက်စစ်၊ ခံစစ်မှာ ရုန်းအားကောင်းကောင်းနဲ့ကစားခဲ့ပြီး သူ့ကြောင့် ဒီယာလိုက ကစားရ ချောင်သွားစေပါတယ်။

ယူနိုက်တက်အသင်းရခဲ့တဲ့ အဖွင့်ဂိုးကလည်း ဒီယာလိုရဲ့ပြေးလမ်းကြောင်းထဲကို အမ်ဘူမို ခင်းပေးတာကနေ ဒီယာလိုက ပယ်နယ်တီဧရိယာထဲအထိ ဘောလုံးဆွဲပြေးပြီးတော့ ဂိုးဖန်တီးဖို့ ကြိုးစားချိန်မှာ အဲဗာတန်နောက်ခံလူ တာကောစကီး ဆွဲချခဲ့တဲ့အတွက် ပယ်နယ်တီရခဲ့တာဖြစ်ပါတယ်။

အဲဒီ ပယ်နယ်တီကိုတော့ ထုံးစံအတိုင်း ဘရူနိုဖာနန်ဒက်စ်ကပဲ ကန်သွင်းခဲ့ပြီး ဒါဟာ Premier League Summer Series ပြိုင်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ၃ ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မိနစ် ၄၀ မှာ အူဂါတေရဲ့ ပျော့ညံ့မှုကနေ ဂေးယီ ကန်တင်ပေးလိုက်တာကို အန်ဂျိုင်းက ပြေးဝင်ပိတ်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။ အခုပွဲမှာ အူဂါတေရဲ့ခြေစွမ်းကတော့ တော်တော်ဆိုးဆိုးရွားရွားပါပဲ။

အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်ဂျိုင်း၊ ဘက်တို၊ အယ်လ်ကာရက်ဇ်တို့ဟာ ယူနိုက်တက် Wing Backs တွေ High Pressing လုပ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ Space တွေကို အသုံးချပြီးတော့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၉ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် ခင်းပေးတာကနေ မေဆင်မောင့်က လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ဂိုးသွင်းခဲ့ပြီး အခုပြိုင်ပွဲမှာ မေဆင်မောင့်ရဲ့စွမ်းဆောင်ရည်က အားရစရာကောင်းသလို ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိအောင် ဆက်ထိန်းထားနိုင်ရင် တစ်ချိန်ကလို ခြေစွမ်းမျိုး ပြန်ရဖို့ နီးစပ်နေပါပြီ။

အဲဗာတန်ရဲ့ ချေပဂိုးကိုတော့ ၇၅ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ဆီက ဘောလုံးပျက်သွားတာကနေ အဲဗာတန်အသင်း ထိုးဖောက်လာတာကို ယူနိုက်တက်ကစားသမားတွေ ပုံပျက်ပန်းပျက်နဲ့ဘောလုံးရှင်းထုတ်ဖို့ ကြိုးစားရင်း ဒီယာလိုရဲ့ကန်ချက်က နောက်ခံလူ ဟဲဗန်းနဲ့ထိပြီးတော့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အခုပွဲမှာ သရေကျခဲ့ပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ၂၀၂၅ Premier League Summer Series ပြိုင်ပွဲမှာ ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ အမော်ရင်ရဲ့နည်းစနစ်တွေနဲ့ တဖြည်းဖြည်း အံဝင်လာတာကိုတွေ့ရပေမဲ့ အားနည်းချက်တွေရှိနေဆဲဖြစ်ပြီး လာမဲ့ရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းချင်တယ်ဆိုရင်တော့ အခုထက် ပိုတိုးတက်လာဖို့ လိုအပ်နေပါပြီ။