ပြီးခဲ့တဲ့ရာသီကလို မဟုတ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကို မြင်ရမယ် လို့ ယိုရို ကြုံးဝါး
မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူ လန်နီ ယိုရိုက ပြီးခဲ့တဲ့ရာသီကလို နေရာမျိုး ယူနိုက်တက်က ထပ်ရှိနေလို့ မရကြောင်း ပြောကြားလိုက်ပါတယ်။
ပြင်သစ်နောက်ခံလူလေးက ယူနိုက်တက်အသင်းကို ထပ်မံကျရှုံးစေချင်တဲ့သူတွေ ရှိနေတာကို သိပေမယ့် အသင်းအနေနဲ့ အပြင်ဘက်က ဝေဖန်သံတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဂရုစိုက်မှာမဟုတ်ဘဲ အာရုံစိုက်ကစားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း(၅၀)ကျော်အတွင်း အဆိုးရွားဆုံး ရာသီတစ်ခုကနေ ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အမေရိကန်မှာ ကျင်းပခဲ့တဲ့ Premier League Summer Series ဖလားကို ရယူကာ တနင်္လာနေ့က မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ယိုရိုက “မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ကစားတဲ့အခါ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ လုပ်ခဲ့တာတွေက အမှားတစ်ခုလို့ ကျွန်တော်ထင်တယ်။ မန်ချက်စတာ ယူနိုက်တက်လို အသင်းတစ်သင်းက ဒီလိုနေရာမျိုးမှာ ရှိနေလို့မရဘူး။
ဒါကို ပရိသတ်တွေလည်းသိတယ် လူတိုင်းသိတယ်။ ဒါကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒီရာသီကတော့ ကျွန်တော်တို့အတွက် ကွဲပြားခြားနားသွားလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီအတွက် လက်စားချေပွဲလို ဖြစ်လာမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ပြရမယ်။”
“စိတ်ပိုင်းဆိုင်ရာအရ လူတိုင်း အသင့်ဖြစ်နေကြပါပြီ။ ပြင်ဆင်ဖို့ ဖီအိုရင်တီးနားနဲ့ တစ်ပွဲကျန်သေးတယ်။ ဒါပေမဲ့ အသင်းရဲ့စိတ်ဓာတ်က ပထမဆုံးပွဲစဉ်အတွက် အသင့်ဖြစ်နေဖို့ ရာသီတစ်ခုလုံးအတွက် အသင့်ဖြစ်နေဖို့ပါပဲ။ ကျွန်တော်တို့ ဒါအတွက် လေ့ကျင့်နေတာဖြစ်ပြီး အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။