ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် ယူနိုက်တက် – အာဆင်နယ်ပွဲ အတွက် အလန်ရှီးယားရဲ့ ပွဲကြိုခန့်မှန်း
ပရီးမီးယားလိဂ် ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားကတော့ ဒီည အိုးထရက်ဖို့ဒ်မှာ ကစားသွားမယ့် ရာသီအဖွင့် အကြီးမားဆုံးပွဲစဉ်ဟာ အဖြေမထွက်နိုင်ဘဲ သရေပွဲအဖြစ်နဲ့သာ ပြီးဆုံးသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
“ကျွန်တော်တို့အတွက် ရာသီအစောပိုင်းမှာတင် ထိပ်သီးအသင်းကြီး ၂ သင်းကြား ထိပ်တိုက်တွေ့ဆုံမှုကို မြင်တွေ့ရမှာက အံ့ဩစရာပါပဲ။ ခန့်မှန်းဖို့ခက်တဲ့ပွဲတပွဲဖြစ်ပေမယ့် ကျွန်တော်ကတော့ သရေပဲ မှန်းပါတယ်။
ရာသီအဖွင့်ရက်သတ္တပတ်မှာ အမြဲတမ်း အံ့အားသင့်စရာရလဒ်တွေ ရှိတတ်ပါတယ်။ အံ့အားသင့်စရာရလဒ်က ဒီပွဲမှာ ဖြစ်မလားတော့ ကျွန်တော် မသိပါဘူး။ စိတ်ဝင်စားစရာ အပိုင်းတွေ အများကြီးနဲ့အတူ မှန်းရခက်တဲ့ပွဲပါ။ ယိုကရက်စ်က တဖက်မှာ၊ တခြားတဖက်မှာက ဆက်စ်ကိုရှိနေတယ်။
အမိုရင်နဲ့ ယောကရက်စ်တို့က တယောက်အကြောင်း တယောက် ကောင်းကောင်းသိနေကြတယ်။ ဇူဘီမန်ဒီက ဒီကလန်ရိုက်ကို ပိုပြီးလွတ်လွတ်လပ်လပ် ကစားခွင့်ပေးကောင်းပေးနိုင်ပြီး မန်ယူနိုက်တက်ကလည်း တိုက်စစ်နေရာတွေမှာ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။
ရာသီအစောပိုင်းမှာ မှန်းရခက်တဲ့ပွဲပါ။ အိုးထရက်ဖို့ဒ်မှာ အပ်ကျသံ ကြားရအောင်ကို တိတ်တဆိတ်နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်ပွဲဖြစ်ပါလိမ့်မယ်။ ပွဲရလဒ်က သရေပါ။”လို့ သုံးသပ် ခန့်မှန်း ပြောကြားခဲ့ပါတယ်။
ပွဲစဉ်ကတော့ ဒီတနင်္ဂနွေည အိုးထရက်ဖို့ဒ်ကွင်းမှာ မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။