ရှုံးပွအတွက် ယူနိုက်တက် ဂိုးသမား ဘရင်ဒီယာကို နဗီးနဲ့ ရွိုင်ကိန်းတို့ တက်ညီလက်ညီ ပြ-စ်တင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲမှာ ဂိုးသမား အယ်တေး ဘရင်ဒီယာအနေနဲ့ အာဆင်နယ်ရဲ့ ဂိုးကို ရပ်တန့်ဖို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

နှစ်သင်းစလုံးက ပွဲကို ကောင်းမွန်တဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း အမိုရင်ရဲ့အသင်းက ၁၃ မိနစ်မှာ ပေးခဲ့ရတဲ့ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီကလန်ရိုက် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဘရင်ဒီယာက ပုတ်ထုတ်ခဲ့ရာမှာ အနည်းငယ်သာထိခဲ့ပြီး ဂိုးတိုင်နားမှာရပ်နေတဲ့ ကာလာဖီအိုရီက အလွယ်တကူပဲ ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘရင်ဒီယာနဲ့ မန်ယူနိုက်တက် နောက်ခံလူတွေက ကွင်းလယ်ဒိုင် ဆိုင်မွန် ဟူးပါးကို ပြစ်ဒဏ်ဘောပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ဂိုးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Sky Sport အစီအစဉ်မှာ သုံးသပ် ပြောဆိုရာမှာ ဂယ်ရီ နဗီးက ဘရင်ဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မန်ယူနိုက်တက်အတွက် အဲဒါက ဆက်ပြီးတော့ နာကျင်စေမှာပါ။ ဂိုးသမားက ဒီထက်ပိုပြီး သန်မာရမှာပါ။ သူ့ရှေ့မှာ ကစားသမားရှိနေခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ဘောပေးဖို့ စောဒကတက်ခဲ့တယ်။ တွန်းထိုးတာတွေ အများကြီးရှိခဲ့တယ်။

ဂိုးသမားက သန်မာရမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီကစားသမားကို ရှေ့ကနေ ဖယ်ပစ်လိုက်လေ။ ဆာလီဘာက သူ့လက်ကိုတောင် မြှောက်ခဲ့တာမဟုတ်ဘူး။ သူ ဘာမှကို မလုပ်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

ဘောလုံးက သူ့လက်ကြားထဲကနေ ထွက်သွားခဲ့တာဖြစ်ပြီး သူက သန်မာသင့်သလောက် မသန်မာတော့ ကျိန်းသေပေါက် ဂိုးပေးရမှာပဲ။ ဖြတ်တင်ပေးပို့မှုက ရင်သပ်ရှုမောစရာကောင်းခဲ့ပြီး သူတို့တွေ အဲဒါကို မဖြေရှင်းနိုင်ခဲ့တာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ရွိုင်ကိန်းက အသင်းဖော်ဟောင်း ဂယ်ရီ နဗီးရဲ့ ပြောဆိုမှုကို သဘောတူခဲ့ပြီး ဂိုးသမားအနေနဲ့ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဟုတ်တာပေါ့။ ပိုပြီး သန်မာဖို့ လိုတယ်။ အာဆင်နယ်အတွက် Fair Play ပါ။ အဲဒါက အရမ်းကောင်းတဲ့ ပေးပို့မှုဖြစ်ခဲ့ပြီး သူတို့တွေကတော့ ဘောလုံးရဖို့ တိုက်ခိုက်မှာပဲလေ။ ခင်ဗျားသာ ဂိုးသမားဆိုရင် ပင်နယ်တီဧရိယာ ၆ ကိုက် လောက်ကို ထိန်းချုပ်ထားရမှာပါ။

ဂိုးသမားနဲ့ နောက်ခံလူတွေက သူတို့မျက်နှာရှေ့မှာ ရှိနေတဲ့ ကစားသမားတွေက်ု စောဒကတက်ခဲ့တယ်။ ခင်ဗျား မျက်နှာရှေ့ရှိတဲ့သူကို ပင်နယ်တီဧရိယာထဲမှာ ထိန်းချုပ်မှု ရယူရမှာပါ။ သူတို့တွေက စောဒကတက်တာပဲ လုပ်ချင်နေကြတယ်။

ဒါပေမယ့် ဂိုးသမားက အကြမ်းပတမ်းကစားရမယ်။ ဒါက သူ့ရဲ့ ပိုင်နက်နေရာပဲလေ။ ကြမ်းကြမ်းတမ်းတမ်း ကစားပြီးတော့ ထိန်းချုပ်ရမှာပါ။ အာဆင်နယ်က အဲဒီအပိုင်းမှာ အရမ်းကောင်းပေမယ့် မန်ယူနိုက်တက်ကတော့ ပျော့ညံ့ပြီး အားနည်းတယ်။”လို့ ပြောကြားခဲ့ပါတယ်။