ယူနိုက်တက်က ခေါ်ယူပြီးမှ ထင်ထားတာ ထက် ကောင်းနေတဲ့ ကစားသမားသစ်ကို အမိုရင် ချီးကျူး
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အမိုရင်ကတော့ ကစားသမားသစ် ဆက်စ်ကို က ထင်ထားတာထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ယိုကာရက်စ်ကို လိုက်လံချိတ်ဆက်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ နောက်ကောက်ချခြင်း ခံခဲ့ရတာကြောင့် ဆက်စ်ကို ကိုသာ အရခေါ်ယူခဲ့ရတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပေမယ့် အမိုရင်ကတော့ ဆက်စ်ကိုရဲ့ အရည်အသွေးတွေကို အပြည့်အဝ အကြိုက်တွေ့နေပါတယ်။
ယိုကာရက်စ်ထက် ပိုမို ငယ်ရွယ်တဲ့အပြင် မြင့်မားတဲ့ အရပ်အမောင်း ၊ကြံ့ခိုင်မှုတွေကြောင့် ပရီးမီးယားလိဂ်နဲ့ အပြည့်အဝ ကိုက်ညီမှုရှိတဲ့ အဆိုပါ မိုဗစ် လက်သစ်ဟာ အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဆက်စ်ကို အပေါ် များစွာ မျှော်လင့်ထားကြပါတယ်။

အမိုရင်က “ ယူနိုက်တက်လိုအသင်းကြီး တစ်သင်းကို ကိုင်တွယ်နေရတဲ့သူက အသင်းထံ အကောင်းဆုံး ကစားသမားတွေ ရောက်လာတာပဲ လိုချင်သလို သူတို့ရဲ့ အနာဂတ်ကိုလည်း ကြိုတင်တွေးတော ပေးရပါလိမ့်မယ်၊ အဲ့ဒါက စိတ်လှုပ်ရှားစရာပါပဲ။
ကစားသမားတွေကို ကောင်းကောင်းသိကျွမ်းရတာမျိုးက ကျွန်တော် အရမ်းကြိုက်တဲ့ အလုပ်တစ်ခုပါ၊ ကစားသမားသစ် တစ်ယောက် မခေါ်ခင် သူ့ရဲ့ ဗီဒီယိုတွေကို အကုန်လိုက်ကြည့်မယ် သူ့ရဲ့ အချက်အလက်တွေအကုန် စုဆောင်းနေတက်တာမျိုးပါ။
ဆက်စ်ကို ကတော့ ကျွန်တော် မျှော်လင့်ထားတာထက်ကို ပိုကောင်းမွန်နေခဲ့ပါတယ်၊ဒါကြောင့် ကျွန်တော်သူ့ကို သတိထား ကိုင်တွယ်ဖို့ လိုအပ်ပါတယ်၊ သူက အသင်းမှာ နှစ်ပေါင်းများစွာ အဓိကတိုက်စစ်မှူး နေရာက ကစားပေးနိုင်မယ့်သူမျိုး ဖြစ်နေလို့ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။