ယူနိုက်တက် တိုးတက်ဖို့ အများကြီး လိုနေတဲ့ တစ်ချက်ကို ထောက်ပြ ညည်းညူခဲ့တဲ့ နည်းပြ အမိုရင်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့နည်းပြ ရူဘင် အမိုရင်က တနင်္ဂနွေနေ့က ဖူလ်ဟမ်အသင်းနဲ့ ၁-၁ နဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ကစားသမားတွေအနေနဲ့ အများကြီး ရင့်ကျက်လာဖို့ လိုအပ်နေသေးကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။

ထို အဝေးကွင်း ပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ ရိုဒရီဂို မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လူစားဝင်လာပြီး (၉၄)စက္ကန့်အကြာမှာပဲ အီမေးလ် စမစ်ရိုးက ဖူလ်ဟမ်အတွက် ချေပဂိုးပြန်လည် သွင်းယူသွားခဲ့တာကြောင့် ယူနိုက်တက်တို့အနေနဲ့ ၂၀၂၅-၂၆ ရာသီရဲ့ ပထမဆုံးနိုင်ပွဲနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။

ပထမပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဧပြီလအစကတည်းက ပရီးမီးယားလိဂ်မှာ အမှတ်အနည်းဆုံး (၆ မှတ်) ရရှိထားတဲ့အသင်းဖြစ်နေပြီး တန်းဆင်းသွားတဲ့ လက်စတာစီးတီး (၈ မှတ်) ထက်တောင် အမှတ်နည်းနေတာ ဖြစ်ပါတယ်။

နည်းပြ အမိုရင်က “ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုကစားရမလဲဆိုတာကို မေ့သွားခဲ့ကြတယ်လို့ ထင်တယ်။ ကျွန်တော်တို့က နိုင်ပွဲကို အရမ်းလိုချင်နေကြတယ်။ ဂိုးသွင်းလိုက်တာနဲ့ ကွင်းထဲကလူတိုင်းက ‘ဒီအသာစီးကို ထိန်းထားပြီး ပွဲကိုနိုင်အောင်ကစားမယ်’ ဆိုပြီး တွေးလိုက်ကြတယ်။

ကျွန်တော့်အတွက်တော့ အဲ့ဒီအချိန်က ပွဲကိုပိုပြီး ပျော်မွေ့ပြီး ပြိုင်ဘက်ကို ဖိအားပိုပေးရမယ့် အချိန်ပါ။ ကျွန်တော်တို့က ပြိုင်ဘက်ကို ဖိအားမြင့်ပေးဖို့ ကြိုးစားရင်း နောက်မှာ နေရာလွတ်တွေ အများကြီး ပေးခဲ့ရတယ်။

အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ်။ အရေးကြီးဆုံးကတော့ ကစားသမားတွေ တစ်ပတ်လုံး ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ကြသလို ဒီနေ့မှာလည်း ကြိုးစားခဲ့ကြတာပါပဲ။ ကျွန်တော်တို့ တိုးတက်လာမှာပါ။ ပွဲကိုပြောင်းလဲသွားစေခဲ့တဲ့ အခိုက်အတန့်က ကျွန်တော်တို့ရဲ့ ဦးဆောင်ဂိုးပါပဲ။” လို့ BBC မှာ ပြောကြားခဲ့ပါတယ်။