ဂရင်မ်စ်ဘီ ၂-၂ မန်ယူနိုက်တက် – လိဂ်တူးကလပ်ကို အံ့ဖွယ် အရေးနိမ့်သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂရင်မ်စ်ဘီတောင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လိဂ်ဖလားပွဲမှာ အိမ်ရှင် လိဂ် ၂ အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ အံ့အသားသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။
နည်းပြ ရူဘင် အမိုရင်က ယူနိုက်တက်မှာ ဘန်ဂျမင် ရှက်ရှ်ကို၊ အာမက်၊ ကွန်ညာ၊ ဒေါ်ဂူ၊ အိုနာနာတို့အပါအဝင် အားကောင်းတဲ့ လူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဟာ အိမ်ရှင် ဂရင်မ်စ်ဘီတောင်းရဲ့ ဖိအားပေးမှုကို အချိန်အတော်များများမှာ ခံခဲ့ရပြီး ကစားကွက်တည်မရဖြစ်နေခဲ့ပါတယ်။
မိနစ် ၂၀ ရှိလာတဲ့အချိန်မှာ သရဲနီတွေက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်း ရှိခဲ့ပေမယ့်လည်း အိမ်ရှင်တွေက ပိုပြီး ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။
အစောပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့ကြပေမယ့်လည်း အရင်ဆုံးဂိုးပေးခဲ့ရတာကတော့ မနိယူနိုက်တက်ဖြစ်ခဲ့ပါတယ်။
ဒါရာ ဘန်းစ်က ညာတောင်ပံကနေ လူကပ်မခံထားရတဲ့ ချားလ်စ် ဗာနမ်ဆီ ဖြတ်တင်ပေးခဲ့ရာမှာ ဘောလုံးကို တချက် ထိန်းပြီး ဂိုးထောင့်ထဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ ပထမပိုင်းအလယ်မှာပဲ အံ့အားသင့်ဖွယ် ဦးဆောင်ခွင့်ရခဲ့ပြီး နောကိထပ် ၈ မိနစ်အကြာမှာ သရဲနီတို့အတွက် အခြေအနေက ပိုပြီးဆိုးရွားလာခဲ့တာဖြစ်ပါတယ်။
ဂရင်မ်စ်ဘီတောင်းက ထောင့်ကန်ဘောရခဲ့ပြီး အမြန်ပေးပြီး ဖြတ်တင်ပေးပို့ခဲ့ရာမှာ အိုနာနာက ဂိုးစည်းကနေ ထွက်လာပြီး ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လွဲနေကျအတိုင်း လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဘောလုံးက ပြိုင်ဘက်အသင်းကစားသမား တိုင်ရဲ ဝါရန်ရှေ့တည့်တည့် ကျခဲ့တာကြောင့် တချက်ထိ ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ပထမဂိုးပေးခဲ့ရပြီးတဲ့အချိန်ကတည်းက မနက်ကျရင် ထုတ်ပစ်လိုက်တော့ဆိုတဲ့ ကြွေးကြော်သံတွေက ကွင်းထဲမှာ စတင်ကြားခဲ့ရတာဖြစ်ပြီး ဒုတိယဂိုးအပြီးမှာ ပိုလို့တောင် ကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ကိုက မန်ယူနိုက်တက်အတွက် ချေပဂိုး ပြန်ရယူပေးနိုင်ဖို့ နီးစပ်ခဲ့သေးပြီး သူ့ရဲ့ အားပါတဲ့ခေါင်းတိုက်ချက်ကို ဂရင်မ်စ်ဘီဂိုးသမား ခရစ္စတီ ပိုင်းက ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ အမိုရင်က ကစားသမား ၃ ဦးအပြောင်းအလဲ လုပ်ခဲ့ပြီး ဘရူနို၊ အမ်ဘူးမို၊ ဒီလစ်တို့ကို ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဂရင်မ်စ်ဘီတောင်း ပင်နယ်တီဧရိယာထဲမှာ ပိုပြီး ဖိအားပေးလာနိုင်ခဲ့ပြီး ၇၅ မိနစ်မှာ အမ်ဘူးမိုက ပင်နယ်တီဧရိယာအစွန်ကနေ ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းပြီး ချေပဂိုး စတင်ရရှိခဲ့ပါတယ်။
၈၉ မိနစ်မှာ မန်ယူနိုက်တက်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ထောင့်ကန်ဘောကနေ မေဆန် မောင့် ကန်တင်ပေးလိုက်တာကို ပြေးဝင်ခေါင်းတိုက်ပြီး နောက်ကျ ချေပဂိုး သွင်းယူသွားခဲ့လို့ တဖက် ၂ ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါန
တယ်။
ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ဂရင်မ်စ်ဘီတောင်းဘက်က တစ်ကြိမ်သာ လွဲချော်ခဲ့ပြီး မန်ယူနိုက်တက်ဘက်က ၂ ယောက်ပေါင်း ပေါင်သန်း ၁၆၀ ဝန်းကျင်တန်ကြေးရှိတဲ့ ကွန်ညာတို့ အမ်ဘူးမိုတို့က လွဲချော်ခဲ့ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။