ကံကောင်းထောက်မလို့သာ နိုင်ပွဲ ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘန်လေနဲ့ပွဲစဉ် (Match Review)

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဘန်လေ ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ နောက်ဆုံးမိနစ် ပယ်နီတကြောင့်သာ 3-2 နဲ့ နိုင်ပွဲရခဲ့ပါတယ်။

ပထမပိုင်းမှာ ဝုန်းဒိုင်းကြဲကစားပြီးတာနဲ့ ဒုတိယပိုင်းရောက်ရင် ယူနိုက်တက်ကစားသမားတွေ ကုန်သွားပြီး အခုပွဲမှာ ပယ်နယ်တီသာ မရလို့ကတော့ နောက်ထပ် နိုင်ပွဲပျောက်ဖွယ် ရှိခဲ့တာပါ။

ယူနိုက်တက်ခံစစ်နဲ့ ဂိုးသမား ပြဿနာက တစ်ပွဲထက်တစ်ပွဲဆိုသလို ပိုကြီးလာပြီး ဘန်လေအသင်းရခဲ့တဲ့ ပထမဂိုးက ယူနိုက်တက်ခံစစ်ရဲ့ Awareness အားနည်းချက်ကြောင့် ပယ်နယ်တီဧရိယာထဲမှာ တစ်ဧကလောက်ရှိတဲ့ နေရာလွတ်ကနေ ဖော်စတာက သွင်းခဲ့တာဖြစ်ပြီး နောက်တစ်ဂိုးကလည်း ဘေယင်ဒီယာ ဖြစ်ကတတ်ဆန်း ကာကွယ်မှုကနေ အန်သိုနီက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တာကြောင့် ပွဲစတည်းက ယူနိုက်တက်တို့ သရဲစီးသလို ဖွင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့တယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် ကံဆိုးတဲ့တစ်ချက်ကလည်း ဂိုးလာဒ်မရှိတာပါပဲ။

အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေရပြီးမှ ချေပဂိုးမသွင်းနိုင်သလို ဖူလ်ဟမ်နဲ့ပွဲတုန်းကလည်း ကူညာရဲ့အပိုင်ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့ပြီး အခုပွဲမှာလည်း အမ်ဘူမို၊ ဒီယာလိုတို့ ကန်သွင်းမှုတွေကို လေနို လက်စွမ်းပြကာကွယ်ခဲ့တယ်။

ဒါပေမဲ့ ၂၇ မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြစ်ဒဏ်ဘောကနေ ကတ်စ်မဲရိုးရဲ့ခေါင်းတိုက်ချက်က ဂိုးဘားတန်းနဲ့ထိပြီးမှ ဘန်လေကွင်းလယ်လူ ဂျော့ချ်ကော်လန်နဲ့ ပြန်ထိပြီးမှ ဂိုးဝင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအစ ၂ ဂိုးစလုံးကို OG ဂိုးနဲ့ရခဲ့တဲ့ ပထမဆုံးကလပ်ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်း ယူနိုက်တက်မှာ အကြိုက်ဆုံးကစားသမားက မေဆင်မောင့်ပဲ။ ဒီရာသီမှာ ကြံ့ခိုင်မှုအပြည့်၊ ကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားနေပြီး ဒီပွဲမှာလည်း ဒုတိယပိုင်းမှာ သူ့ကို လူစားလဲပြီးတဲ့နောက် ယူနိုက်တက်တိုက်စစ်ကစားအား သိသိသာသာကျသွားတယ်။

ဒုတိယပိုင်းစတကည်းက ယူနိုက်တက်ကစားသမားတွေ ကစားပုံက သိပ်မဟုတ်လို့ ချေပဂိုးပေးရတော့မယ်လို့ ထင်နေတုန်းမှာပဲ ၅၅ မိနစ်မှာ ဘန်လေအသင်းရဲ့ ပထမဆုံးဂိုးပေါက်တည့်မှုကနေ ဖော်စတာက ဂိုးသွင်းခဲ့တယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလို ဘယ်ခြမ်းကနေ ဒါလော့တ် ချိုးပေးတာကို အမ်ဘူမိုက အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးဈေးဦးပေါက်ဂိုး သွင်းခဲ့ပြီး ၆ မိနစ်အကြာမှာပဲ အန်သိုနီက ဒုတိယချေပဂိုးသွင်းခဲ့ပြန်တယ်။

ယူနိုက်တက်တို့ ချေပဂိုးရဖို့ ရုန်းကန်ပေမဲ့ အပိုင်အခွင့်အရေး မရဘဲ ပွဲပြီးခါနီးမှာ ဒီယာလိုကို အန်သိုနီ မလိုအပ်ဘဲ အင်္ကျီဆွဲချတာကနေ ယူနိုက်တက် ပယ်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က ဒီတစ်ကြိမ်မှာတော့ ဂိုးဝင်အောင် သွင်းခဲ့လို့ ယူနိုက်တက်နောက်ကျဂိုးနဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရခဲ့ပါတယ်။