မန်ချက်စတာ ယူနိုက်တက်ထံ ဆာအဲလက်စ် ဖာဂူဆန် နည်းပြ အဖြစ် ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်လာ
ဒီရာသီမှာ အခြေအနေတွေ ဆက်လက် ဆိုးရွားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ အမိုရင်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို နောက်ဆုံးအကြိမ် အကူအညီတောင်းသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ နည်းပြခဲ့တဲ့ ၂၆ နှစ်တာကာလအတွင်း ကျန်ပရီးမီးယားလိဂ် အသင်းတွေကို မော်မကြည့်ရဲအောင် လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားနဲ့အတူ အောင်မြင်မှုတွေနဲ့ အနားယူသွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ နည်းပြအဆက်ဆက် ပြောင်းလဲခဲ့ပေမယ့် ဖာဂူဆန်လက်ထက်က မန်ချက်စတာယူနိုက်တက်မျိုး ဘယ်တော့မှ ပြန်ဖြစ်မလာတော့တာဖြစ်ပါတယ်။
ဖာဂူဆန် ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်က ၁၂ နှစ်အတွင်းမှာ အဓိကဆုဖလား ၅ လုံးသာ ရရှိခဲ့ပြီး အက်ဖ်အေဖလား ၂ လုံး၊ လိဂ်ဖလား ၂ လုံးနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီ အဆင့် ၁၅ ရာသီနဲ့ ပြီးဆုံးအောင် နည်းပြခဲ့တဲ့ ရူဘင် အမိုရင်ဟာ ရာသီအစမှာ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် နည်းပြရာထူးအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး စတုတ္ထတန်းလိဂ်က ဂရင်မ်စ်ဘီတောင်းကို ရှုံးနိမ့်ခဲ့မှုက အပြင်းထန်ဆုံး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရစေတာဖြစ်ပါတယ်။
ဒါကြောင့် ရူဘင် အမိုရင်ရဲ့ ရေရှည် အနာဂတ်အတွက် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပြီး ပေါ်တူဂီလူမျိုးနည်းပြနဲ့သာ လမ်းခွဲခဲ့ရင် သရဲနီတွေအနေနဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို နည်းပြအဖြစ် ကာလတို ခန့်အပ်သွားနိုင်တယ်လို့ သတင်းတွေကလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာယူနိုက်တက်ကို အသင်းဂန္တဝင်တွေရဲ့ ရန်ပုံငွေပွဲမျိုးတွေမှာ ကိုင်တွယ်ပေးလေ့ရှိပြီး နည်းပြအလုပ်ကို အသက်အရွယ်အရ ပြန်လည်လုပ်ကိုင်ဖို့ ဖြစ်နိုင်ေြ ခမရှိသလောက် နည်းပါးပေမယ့် လုံးဝမဖြစ်နိုင်တော့ဘူးလို့လည်း ယတိပြတ် ပြောဆိုခဲ့တာမျိုး မရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဆာအဲလက်စ် ဖာဂူဆန်က နည်းပြဘဝကို လွမ်းဆွတ်တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပြီး သူ့အတွက် အလွမ်းဆွတ်ရဆုံးအရာက ဘာလဲဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။