ဆော်ဒီကလပ် နှစ်သင်း ချဉ်းကပ်လာမှုနဲ့ အတူ အနာဂတ်အရေး ဆုံးဖြတ်ဖွယ်ရှိနေတဲ့ ဟယ်ရီမက်ဂွိုင်းယား

ဗဟို နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ဆော်ဒီကလပ်နှစ်သင်းရဲ့ ချဉ်းကပ်ခြင်းခံနေရမှုနှင့်အတူ ယူနိုက်တက်မှ ထွက်ခွာလာနိုင်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ ဆော်ဒီကလပ်နှစ်ခုရဲ့ ကမ်းလှမ်းမှု ရရှိလာပြီးနောက် ယူနိုက်တက်အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလာရတော့မှာလည်း ဖြစ်ပါတယ်။

ဆော်ဒီအပြောင်းအရွှေ့မှာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ထားရာ ကစားသမား ခေါ်ယူနိုင်ဆဲ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြလာမှုအရ ဟယ်ရီမက်ဂွိုင်းယားဟာ ဆော်ဒီကလပ်နှစ်ခုရဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေပေမဲ့လည်း ၂၀၂၅-၂၆ ရာသီအကုန်တွင်မှ ယူနိုက်တက်မှ ထွက်ခွာလာနိုင်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဟယ်ရီမက်ဂွိုင်းယားအတွက် ပရီးမီးယားလိဂ်ကလပ်များနှင့် အီတလီကလပ်များရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမဲ့လည်း ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယားမှာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ရာ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမဲ့ ကိန်းဆိုက်နေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အနေဖြင့် မက်ဂွိုင်းယားအား ၁၂ လ သက်တမ်းတိုးနိုင်မဲ့အချက်ဖြင့် စာချုပ်သက်တမ်းတိုးနိုင်မဲ့ အခွင့်အရေး ရှိပါသေးတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာမှ ထိုစဉ်တုန်းက စံချိန်တင်ပြောင်းရွှေ့ကြေး ပေငါ်သန်း ၈၀ ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၀ ခုနှစ်တွင် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်အား လွဲပြောင်းပေးခဲ့ရပါတယ်။