ဈေးကွက် ပိတ်သွားပြီ ဆိုပေမယ့် ကစားသမား အဝင် ၁၊ အထွက် ၁ ရှိနိုင်သေးတဲ့ မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ဈေးကွက် ပိတ်သွားပြီ ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက် ကတော့ ကစားသမား အဝင် တစ်ယောက် အထွက် တစ်ယောက် ရှိဖွယ် ရှိနေပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ အသင်းရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်နေတဲ့ ကွင်းလယ်နေရာအတွက် အယ်-ဒူဟေကွင်းလယ်ကစားသမား မာကို ဗာရက်တီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အင်္ဂလန်နဲ့ ဥရောပက အပြောင်းအရွှေ့ဈေးကွက်တွေက စက်တင်ဘာလ ၁ ရက်နေ့ညမှာ ပိတ်သွားခဲ့ပြီဖြစ်ပေမယ့်လည်း အရှေ့အလယ်ပိုင်း အပြောင်းအရွှေ့ဈေးကွက်က ၁၂ ရက်နေ့မှသာ ပိတ်မှာဖြစ်တဲ့အတွက် သရဲနီတွေက ပီအက်စ်ဂျီ ကြယ်ပွင့်ဟောင်းဖြစ်တဲ့ အီတလီကွင်းလယ်လူကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရက်တီဟာ ကာတာကို စွန့်ခွာဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ကစားသမား အထွက် အနေနဲ့ကတော့ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကို အငှားစာချုပ်နဲ့ ခေါ်ယူရသွားဖို့အတွက် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကတော့ အိုနာနာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေပါပြီ။

အိုနာနာ ဟာ လျှော့ချခံရတဲ့ ၎င်းရဲ့ လုပ်ခလစာကို ပို တိုးမြှင့်ပေးဖို့ အလိုရှိနေပြီး ယူနိုက်တက်နဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုလိုနေပါတယ်။ ဒါပေမယ့် နည်းပြ အမော်ရင်ကတော့ အိုနာနာ ကို သဘောမကျ ဖြစ်နေခဲ့ပါပြီ။