မန်ချက်စတာ ယူနိုက်တက်ရဲ့ သြဂုတ်လ တလတာ အကောင်းဆုံး ကစားသမားဆု ရသွားတဲ့ အမ်ဘူမို

မန်ချက်စတာယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုဟာ သြဂုတ်လအတွက် အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အမ်ဘူမိုဟာ အခုဆုကို အသင်းဖော်နှစ်ဦးဖြစ်တဲ့ ယော်ရို၊ ဒီလိဂ်တို့ကို ကျော်ဖြတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သြဂုတ်လရဲ့ ယူနိုက်တက် တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ယူနိုက်တက်ပရိသတ်ထောင်နဲ့ချီပြီးတော့ မဲပေးခဲ့ကြပြီး အမ်ဘူမိုဟာ ၅၅ % အထိရရှိခဲ့သလို ယော်ရိုက ၂၈ % နဲ့ ဒီလိဂ်က ၁၇ % ရရှိခဲ့ပါတယ်။

ဒီရာသီအစကမှ ဘရန့်ဖို့ဒ်ကနေ ယူနိုက်တက်ကို ပေါင် ၇၁ သန်းနဲ့ရောက်ရှိခဲ့သူ အမ်ဘူမိုဟာ ဂရင်းစဘီနဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်လေအသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလည်း ယူနိုက်တက်အသင်းရဲ့ ဒုတိယဂိုးကို အမ်ဘူမိုက အသင်းဖော် ဒါလော့တ်ရဲ့ဖန်တီးမှုကနေ ပိတ်သွင်းခဲ့ပြီး အဲဒါက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် အမ်ဘူမို ပထမဆုံးသွင်းယူခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲမှာ အမ်ဘူမိုဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို အဲဒီပွဲရဲ့ Man Of The Match ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင် ဘန်လေနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အမ်ဘူမိုရဲ့ဂိုးက သြဂုတ်လအတွက် ယူနိုက်တက်တစ်လတာအကောင်းဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။