မန်ချက်စတာဒါဘီပွဲမတိုင်ခင် ဒဏ်ရာကိစ္စတွေ များနေတဲ့ မန်ချက်စတာ နှစ်သင်း၊ စီးတီးက ပို အခြေဆိုးနေ
ဒီတစ်ပတ်ကစားမဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီပွဲ မတိုင်ခင် နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ကစားသမား ၁၃ ဦးအထိ လွဲချော်ဖို့ရှိနေပါပြီ။
မန်စီးတီးတိုက်စစ်ကစားသမား မာမူ့ရှ်ဟာ ဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲကို သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင် မာမူ့ရှ်ဟာ အင်္ဂါနေ့တုန်းက ဘာကီနာဖာဆိုနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ညာဘက်ဒူးမှာ အကာအကွယ်ဝတ်ဆင်ပြီးတော့ ချိုင်းထောက်ကို အသုံးပြုနေရတာကိုလည်း တွေ့ခဲ့ရပါတယ်။
အခုဒဏ်ရာကြောင့် မာမူ့ရှ် ဘယ်အချိန်အထိ အနားယူရမလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။
မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့ကျရင် မန်ချက်စတာယူနိုက်တက်အသင်းကို အစ်တီဟတ်မှာ လက်ခံကစားမှာဖြစ်ပြီး ဒဏ်ရာပြဿနာတွေက နှစ်ဖက်အသင်းနည်းပြတွေအတွက် ထိုးနှက်ချက်ဖြစ်နေပါတယ်။
အထူးသဖြင့် ဂွါဒီယိုလာရဲ့မန်စီးတီးက အခြေအနေ ပိုဆိုးပြီး မာမူ့ရှ်အပြင် တိုက်စစ်ကစားသမား ရှာကီကလည်း မန်ချက်စတာဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ရှာကီဟာ ပေါင်ကြွက်သားစုတ်ပြဲမှုကြောင့် ၂ လလောက်အထိ အနားယူရမှာဖြစ်ပြီး နိုဝင်ဘာလမတိုင်ခင်အထိ ဘောလုံးကစားနိုင်ဖို့ မရှိပါဘူး။
မန်စီးတီးကွင်းလယ်မှာ ကယ်လ်ဗင်ဖိလစ်က ခြေဖနောင့်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို ကိုဗာချစ်ကလည်း ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ခြေဖနောင့်ကြောဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တဲ့အတွက် အခုအချိန်အထိ အနားယူနေရဆဲပါပဲ။
ခံစစ်မှာလည်း ဂါဒီယော၊ ခူဆာနော့ဗ်၊ ဂျွန်စတုန်းစ်တို့အားလုံး မန်ချက်စတာဒါဘီပွဲကို သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။ ဖိုဒန်နဲ့ဆာဗင်ညိုတို့ကတော့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာအောင် ရုန်းကန်နေရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ မန်စီးတီးလောက် အခြေအနေ မဆိုးသေးဘဲ ကစားသမား ၄ ဦးသာ ဒဏ်ရာရနေပါတယ်။
နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကတော့ ဆက်လက်အနားယူရဦးမှာဖြစ်ပြီး ကူညာ၊ မေဆင်မောင့်နဲ့ ဒါလော့တ်တို့ဟာ ဒဏ်ရာတွေရရှိနေတာကြောင့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။