ဒီရာသီ အခြေဆိုးနေတဲ့ စီးတီးထက် ယူနိုက်တက်က ပိုညံ့နေကြောင်း ပြသခဲ့တဲ့ပွဲ (မန်စီးတီး ၃-ဝ ယူနိုက်တက် ပွဲပြီး)

တနင်္ဂနွေနေ့ည စူပါဆန်းဒေး ပွဲစဉ်လို့ ဘုရားစူးကျိန်တွယ်ပြောရမယ့် မန်ချက်စတာဒါဘီမှာ သရဲနီတွေကို မန်စီးတီးက ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

ပထမပိုင်းစတယ်ဆိုရင်ပဲ မန်စီးတီးက ဂိုးရဖို့နီးစပ်ခဲ့ပြီး ဟာလန်းရဲ့ ကန်ချက်က ဂိုးတိုင်ဘေးဝိုက်ထွက်သွားခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ရုန်းကန်နေရပါတယ်ဆိုတဲ့ မန်ချက်စတာစီးတီးထက် ဆယ်ဆ ပိုရုန်းကန်နေရတဲ့ မန်ယူနိုက်တက်က ပြုသမျှ နုခဲ့ရပြီး ၁၈ မိနစ်မှာ ဒိုကုရဲ့ ညာတောင်ပံကနေ ကြုံသလို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကွင်းထဲ မဝင်တာကြာပြီဖြစ်တဲ့ ဖိုဒန်က ခေါင်းတိုက်အဆုံးသတ်ခဲ့ပါတယ်။

မန်စီးတီးက နောက်ထပ် ဂိုးသွင်းဖို့ အခွင့်အရေးထပ်ရခဲ့ပေမယ့် ရိုင်ဒါစ်က ဘရင်ဒီယာ တည့်တည့်ကို ကန်မိခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒုတ်ယပိုင်းမှာလည်း သရဲနီတွေက ထူးမခြားနားဖြစ်ခဲ့ပြီး ၅၃ မိနစ်မှာပဲ ဟာလန်းက ဒိုကုရဲ့ ပေးပို့မှုကနေ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ၅၅ မိနစ်မှာ ဟာလန်း ဂိုးထပ်ရမယ့်အခွင့်အရေးရခဲ့ပေမယ့် ဂိုးတိုင်ထိခဲ့သလို ပြန်ထွက်လာတဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗားပိတ်သွင်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

၆၁ မိနစ်မှာ မန်ယူနိုက်တက်တို့ ရှားရှားပါးပါး ဂိုးကန်သွင်းခွင့်ရခဲ့ပြီး အမ်ဘူမိုရဲ့ ကန်ချက်ကို ဒွန်နာရမ်းမားက လက်စွမ်းပြကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

၆၈ မိနစ်မှာတော့ ဟာလန်းက မန်စီးတီးအတွက် နောကိထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ဆေးလ်ဗား ထိုးပေးလိုက်တဲ့ ဘောလုံးကို မက်ဂွိုင်းယားဆီကနေ ပြေးထွက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းဖို့ နေရာယူပြီး ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး မိနစ် ၈၀ ကျော်မှာ မန်ယူနိုက်တက်က ချေပဂိုးသွင်းယူဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အမ်ဘူးမိုက အဆုံးမသတ်နိုင်ခဲ့ဘဲ ရှက်ရှ်ကိုကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။

မန်စီးတီးက ဒီနိုင်ပွဲကြောင့် အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ယူနိုက်တက် ကတော့ အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။