မန်ချက်စတာ ယူနိုက်တက် တန်းဆင်းနိုင်ခြေကို တွက်ထုတ်ဖော်ပြလာတဲ့ စူပါကွန်ပျူတာ

မန်ချက်စတာယူနိူက်တက် အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရဖို့ထက် ချန်ပီယံရှစ်ကို တန်းဆင်းဖို့က ပိုပြီး ဖြစ်နိုင်ခြေများနေတယ်လို့ OPTA စူပါကွန်ပျူတာက တွက်ချက်ပေးခဲ့ပါတယ်။

အမိုရင်ရဲ့အသင်းဟာ နောက်ထပ်တကြိမ် ခက်ခဲတဲ့ ရာသီနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး တနင်္ဂနွေနေ့ညမှာ မန်စီးတီးကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ကာရာဘောင်းဖလား ဒုတိယအဆင့်မှာ စတုတ္ထတန်းကလပ် ဂရင်မ်စဘီတောင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရာသီအဖွင့် ၄ ပွဲကနေ ၄ မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ဥရောပဝင်ခွင့် မရရှိခဲ့တဲ့နောက် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပွဲတွေသာ အာရုံစိုက်ဖို့ ရှိတော့တာဖြစ်ပါတယ်။

Opta ရဲ့ စူပါကွန်ပျူတာက အသင်းတွေရဲ့ ရာသီပြီးဆုံးနိုင်တဲ့ အခြေအနေတွေကို တွက်ချက်ခဲ့ပြီး မန်ယူနိုက်တက်ဟာ ရာသီကုန်မှာ ဥရောပဝင်ခွင့်ထက် ချန်ပီယံရှစ်ကို တန်းဆင်းဖို့က ပိုပြီး ဖြစ်နိုင်ခြေများနေတယ်လို့ အဖြေထုတ်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရဖို့အတွက် ၄.၁၈ ရာခိုင်နှုန်းရှိပြီး ချန်ပီယံရှစ်ကို တန်းတင်းဖို့ကတော့ ၁၀.၉၅ ရာခိုင်နှုန်းနဲ့ ၂ ဆအထိ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရူဘင် အမိုရင်ဟာ အသင်းသမိုင်းတလျှောက် နိုင်ပွဲရနှုန်း နိမ့်ပါးတဲ့ နည်းပြစာရင်းထဲမှာ တတိယဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြရောက်လာပြီးကတည်းက မန်ယူနိုက်တက်က ဇယားအောက်ပိုင်းကနေ မတက်နိုင်တော့တာဖြစ်ပါတယ်။

တန်းတင်းနိုင်တဲ့ အခွင့်အရေးရှိနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းက အဆင့် ၁၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခြေရှိနေပြီး အဲဒီလိုသာဖြစ်ခဲ့ရင် ပြီးခဲ့တဲ့ရာသီ အဆင့် ၁၅ နေရာထက် ပိုမို တိုးတက်လာတဲ့ အခြေအနေဖြစ်လာမှာဖြစ်ပါတယ်။