ကာရင်တန်ထိ လာပြီး နည်းပြ အမိုရင်နဲ့ ဆွေးနွေးခဲ့တဲ့ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်
ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ကြာသပတေးနေ့တွင် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်လာကာ နည်းပြချုပ်ရူဘင်အမိုရမ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
The Athletic က ဖော်ပြလာမှုအရ ရက်ကလစ်ဖ်ဟာ မန်ချက်စတာသို့ ဆွေးနွေးမှုများ ပြုလုပ်ရန် ရောက်လာခဲ့တာ ဖြစ်ပြီး ဆွေးနွေးမှုအား ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရက်ကလစ်ဖ်ဟာ အမိုရမ်အပြင် အခြားတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါတယ်။
အသက် ၇၂ နှစ်ရှိ ယူနိုက်တက်အမာခံပရိသတ် ရက်ကလစ်ဖ်ဟာ လက်ရှိ ကလပ်တွင် ကြုံတွေ့နေရတဲ့ အခက်အခဲများအား ကျော်ဖြတ်နိုင်ရေး အမိုရမ်ကို ကူညီနိုင်ရေးအတွက် ဆွေးနွေးခဲ့တာပါ။
အမိုရမ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ရာသီအစတွင် ၁၉၉၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစနှင့် ကြုံတွေ့နေရပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတုန်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့ပေမဲ့လည်း ဘန်လေအား နာကျင်အချိန်ပို ပင်နယ်တီဂိုးဖြင့် အနိုင်ရတဲ့ နိုင်ပွဲတစ်ပွဲတည်းသာ ရရှိထားကာ လိဂ် ၂ ကလပ် ဂရမ်စဘီအား ပင်နယ်တီဖြင့် ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခွာထားရပြီး ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ အချိန်ထိတော့ ရက်ကလစ်ဖ်ဟာ အသက် ၄၀ နှစ်ရှိ အမိုရမ်အား အပြည့်အဝ ထောက်ခံမှု ပေးနေဆဲ ဖြစ်ပါတယ်။
တဖက်တွင် ဗြိတိန်မီဒီယာများက ယူနိုက်တက်ဟာ လာမယ့် အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ကစားမဲ့ ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်းပွဲ ၃ ပွဲမှ ရလဒ်အပေါ် မူတည်ပြီး အမိုရမ် အနာဂတ်ကို ဆုံးဖြတ်လာမယ်လို့လည်း သိရပါတယ်။