မပြောင်းလဲတဲ့ ကစားကွက်နဲ့ ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူပြလိုက်တဲ့ အမော်ရင်
ပွဲမတိုင်ခင် အင်တာဗျူးမှာ အမော်ရင်က သူ့ကစားကွက်ဖြစ်တဲ့ ၃-၄-၃ ကို ပြောင်းလဲဖို့ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် တောင်းဆိုမယ်ဆိုရင်တောင် လက်မခံဘူးလို့ ပြောခဲ့ပြီး ချယ်ဆီးကို အနိုင်ကစားခဲ့တဲ့အတွက် သူ လေကျယ်တာက အခုလောလောဆယ် အလုပ်ဖြစ်သွားတယ်။
အခုပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တာကြောင့် ယူနိုက်တက်တို့ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အမ်ဘူမိုရဲ့ခေါင်းတိုက်ချက်နဲ့ ချယ်ဆီးကို စတင်ခြိမ်းခြောက်ခဲ့တယ်။
ယူနိုက်တက် ကံကောင်းသွားတာကလည်း ပွဲအစ ၅ မိနစ်မှာပဲ အမ်ဘူမိုကို ရော်ဘတ်ဆန်းချက်ဇ်က ရှေ့တက်ပြီးတော့ ဘောလုံးမဖျက်ဘဲ လူကို အသားလွတ်ဖြတ်ကန်ခဲ့လို့ အနီကတ်နဲ့အထုတ်ခံခဲ့ရတာဖြစ်ပြီး ရော်ဘတ်ဆန်းချက်ဇ်ရဲ့အနီကတ်ကြောင့် မာရက်စ်ကာဟာ Game Plan တွေကို အပြောင်းအလဲလုပ်ခဲ့ရတယ်။
တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ အက်စတယ်ဗောင်း၊ ပတ်ဒရိုနက်တိုတို့ကို စောစောစီးစီး လူစားလဲခဲ့ရလို့ ချယ်ဆီးတိုက်စစ်က သိသိသာသာပဲ ကျသွားပါတယ်။ ပထမပိုင်း ၁၄ မိနစ်မှာ ဒိုဂူ ခေါင်းတိုက်ပြီးတော့ ချပေးတာကို ဘရူနိုဖာနန်ဒက်စ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ပြေးဝင်ပိတ်သွင်းခဲ့လို့ ယူနိုက်တက်အဖွင့်ဂိုးရခဲ့တယ်။
အခုပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒင်းနစ်အာဝင်၊ ဖီးလ်နဗီးလ်၊ ရွန်နီ၊ ဗလင်စီယာတို့ပြီးရင် ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မှာ ယူနိုက်တက်အတွက် ဂိုးသွင်းနိုင်တဲ့ ပဉ္စမမြောက် ကစားသမားဖြစ်လာပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးက ဂိုး ၁၀၀ ပြည့်မြောက်သွားပါပြီ။
၃၇ မိနစ်မှာ မက်ဂွိုင်းယား ခေါင်းတိုက်ချပေးတာကနေ ကတ်စ်မဲရိုးက ထပ်ဆင့်ခေါင်းတိုက်ပြီးတော့ ဒုတိယဂိုးသွင်းခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ၂ ဝါ ၁ နီနဲ့အထုတ်ခံခဲ့ရလို့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးသွင်းပြီး အနီကတ်အပြခံခဲ့ရတဲ့ ပထမဆုံး ယူနိုက်တက်ကစားသမားဖြစ်ခဲ့တယ်။
ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းယား ပါရင် ပုံမှန်ထက် ပိုတည်ငြိမ်လေ့ရှိတာကို တွေ့ရပြီး အခုပွဲမှာလည်း မက်ဂွိုင်းယားကို အမော်ရင် လူစားလဲပြီးနောက်ပိုင်း ယူနိုက်တက်ခံစစ်က ဖရိုဖရဲဖြစ်သွားတယ်။
နောက်ပြီး ယူနိုက်တက်ကစားသမားတွေဟာ မိနစ် ၆၀ လောက်အထိပဲ ခွန်အားသုံးကစားနိုင်လေ့ရှိပြီး အဲဒီနောက်ပိုင်း သိသိသာသာကို ကုန်သွားလေ့ရှိတယ်။ အဲဒါက ဒီရာသီ ပွဲတိုင်းလိုလိုမှာ မြင်တွေ့နေရတဲ့အပြင် အခုပွဲမှာလည်း မိနစ် ၇၀ လောက်ကစလို့ ယူနိုက်တက်ကစားအားက ဆိုးဆိုးရွားရွားကို ကျဆင်းသွားတယ်။
အဲဒါကြောင့် မိနစ် ၈၀ မှာ ချာလိုဘာ ခေါင်းတိုက်ပြီးတော့ ချေပဂိုးပြန်သွင်းခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ ရင်ခုန်စရာဖြစ်ခဲ့တယ်။
ဒါပေမဲ့ ယူနိုက်တက်တို့ လက်ကျန်မိနစ်တွေမှာ နောက်ထပ်ချေပဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့လို့ အိုးလ်ထရက်ဖို့ဒ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။