ဆာအဲလက်စ် နောက်ပိုင်းမှာ နည်းပြတွေ ထုတ်ဖို့ မန်ချက်စတာယူနိုက်တက် သုံးခဲ့ရတဲ့ လျော်ကြေး ပမာဏ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်ကစလို့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း နည်းပြတွေအတွက် လျော်ကြေးအဖြစ် အံ့အားသင့်စရာ ပေါင် ၆၉.၈ သန်းအထိ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီစာရင်းမှာ ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ အမော်ရင်လည်း မကြာခင်ပါဝင်လာဖို့ နီးစပ်နေပြီး ယူနိုက်တက်နည်းပြဘ၀ ၁ နှစ်ပြည့်မဲ့ နိုဝင်ဘာ ၁ ရက်နေ့မတိုင်ခင် အမော်ရင်ကို ထုတ်ပယ်မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ ပေါင် ၁၂ သန်းအထိ လျော်ကြေးပေးရမှာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၁၅ မှာ ရပ်တည်ခဲ့ရသလို ဒီရာသီမှာလည်း ၆ ပွဲကစားပြီးချိန်မှာပဲ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁၄ နေရာ ရပ်တည်နေရပါတယ်။
ယူနိုက်တက်အသင်းဟာ အမော်ရင်နဲ့သူ့ရဲ့နည်းပြအဖွဲ့တွေကို ခေါ်ယူခဲ့တုန်းက ပေါင် ၁၁ သန်း ပေးချေခဲ့ရပြီး အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် မြင့်မားတဲ့လျော်ကြေးပေးရမှာပါ။
အမော်ရင်ဟာ ယူနိုက်တက်အသင်းမှာ ဖာဂူဆန်ခေတ်လွန်နောက်ပိုင်း ၆ ဦးမြောက် အမြဲတမ်းနည်းပြဖြစ်ခဲ့ပြီး သူ့ရှေ့က နည်းပြတွေဟာ စာချုပ်မပြည့်ခင်မှာပဲ ရာထူးက အထုတ်ခံခဲ့ရပါတယ်။
ဖာဂူဆန်ခေတ်လွန်မှာ ပထမဆုံး ယူနိုက်တက်နည်းပြဖြစ်လာသူ ဒေးဗစ်မွိုက်စ်ဟာ ၁၀ လအကြာမှာပဲ အထုတ်ခံခဲ့ရပြီး သူ့အတွက် လျော်ကြေး ပေါင် ၅.၂ သန်းပေးခဲ့ရပါတယ်။
အဲဒီနောက် ယူနိုက်တက်အသင်းဟာ ဗန်ဟားလ်အတွက် ပေါင် ၈.၄ သန်း၊ မော်ရင်ဟိုအတွက် ပေါင် ၁၉.၆ သန်း၊ ဆိုးလ်ရှားအတွက် ပေါင် ၉.၁ သန်း၊ အဲရစ်တန်ဟက်အတွက် ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရပါတယ်။
အဲရစ်တန်ဟက်မတိုင်ခင် ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သူ ရန်းညစ်ခ်နဲ့လမ်းခွဲခဲ့ချိန်မှာလည်း ယူနိုက်တက်အသင်းဟာ လျော်ကြေး ပေါင် ၁၄.၇ သန်း ပေးခဲ့ရတာကြောင့် အားလုံးစုစုပေါင်းပမာဏက ပေါင်သန်း ၇၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။