ဆန်းဒါးလန်းကို ၂-ဝ နဲ့ ဂိုးပြတ် အနိုင်ယူပြီး ဖိအားလျော့သွားတဲ့ ယူနိုက်တက်နဲ့ အမော်ရင်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက တန်းတက် ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ဧည့်ခံခဲ့ရာမှာောတ့ ၂-ဝ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။

အခုပွဲမှာ အမော်ရင်က အရင်လို ခံစစ်ကို High Line မကစားခိုင်းတော့တဲ့အပြင် မလိုလားအပ်တဲ့ ဝုန်းဒိုင်းကြဲကစားဟန်ထက် ပွဲကို Control လုပ်ပြီးတော့ ဖြည်းဖြည်းမှန်မှန် တိုက်စစ်ဆင်တဲ့ပုံစံနဲ့ ကစားစေခဲ့တယ်။

ယူနိုက်တက်အသင်းမှာ အရင်ဆုံး ချီးကျူးရမှာက မီးလျှံကြားမှာ ဖီးနစ်ငှက်တစ်ကောင်လို ပြန်လည်ရှင်သန်လာတဲ့ မေဆင်မောင့်ပါပဲ။ အမော်ရင်လက်ထက်မှာ သိသိသာသာ တိုးတက်လာတာက မေဆင်မောင့်တစ်ယောက်လောက်သာရှိပြီး သူ့ခြေစွမ်းကြောင့် ကူညာတောင် အရန်ခုံရောက်သွားပါတယ်။

အခုပွဲမှာလည်း မေဆင်မောင့်က ပွဲအစ ၈ မိနစ်မှာပဲ လှပတဲ့ကန်ချက်နဲ့ အဖွင့်ဂိုးသွင်းခဲ့ပြီး ဘယ်ခြမ်းတိုက်စစ်မှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ယူနိုက်တက်မှာ နောက်ထပ် ချီးကျူးရမှာက အခုပွဲမှ ပွဲဦးထွက်ခဲ့တဲ့ ဂိုးသမား လန်မန်စ်ပါပဲ။ လန်မန်စ်ရဲ့ အဝင်အထွက်မှန်မှန်နဲ့ ဘောလုံးဖမ်းပုံ၊ ဂိုးပေါက်ကာကွယ်မှုတွေက အားရဖို့ကောင်းပြီး ပွဲပြီးခါနီးမှာ ယူနိုက်တက်ခံစစ်က အသားလွတ်ရောင်းလိုက်တဲ့ အခွင့်အရေးကို လန်မန်စ်က အကောင်းဆုံးကာကွယ်ခဲ့တယ်။

နောက်ပြီး လန်မန်စ်က စီနီယာတွေကို ရှိန်မနေဘဲ လိုအပ်လာရင် အော်ဟစ်ပြီးတော့ ညွှန်ကြားတာမျိုးတွေလည်း လုပ်ခဲ့တာကို တွေ့ရတယ်

ဒီရာသီမှာ ရလဒ်ကောင်းတွေယူနေတဲ့ တန်းတက်ဆန်းဒါးလန်းကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ဘူး။ ပထမပိုင်းတစ်ပိုင်းလုံး ယူနိုက်တက် ကစားကွက်အောက်မှာရောက်နေပြီး ဒုတိယပိုင်းမှ တိုက်စစ်ဆင်မှုတွေ စလုပ်နိုင်ခဲ့တယ်။

ယူနိုက်တက်အတွက် ဒုတိယဂိုးကိုတော့ ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းက ဘဲဥကွဲခဲ့တဲ့ ရှက်ရှ်ကိုက ပရီးမီးယားလိဂ် ၂ ပွဲဆက်အဖြစ် အနီးကပ်ပိတ်ပြီး သွင်းခဲ့ပါတယ်။

ဆန်ဒါးလန်းကို နိုင်လိုက်တာကြောင့် အမှတ်ပေးဇယားမှာ ယူနိုက်တက်က အဆင့် ၉ နေရာ ရောက်ရှိလာခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် အမော်ရင် ဖိအားနည်းနည်းလျော့သွားပေမဲ့ နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလီဗာပူးလ်ကို အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ စိန်ခေါ်မှုက စောင့်နေပါတယ်။