ယူရိုပါလိဂ်ကို ဆုဖလား အနိုင်ရတဲ့ထိ အလေးအနက် ယှဉ်ပြိုင်ဖွယ်ရှိတဲ့ ဇာဗီ

ဘာစီလိုနာအသင်းဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့နောက် နည်းပြ ဇာဗီက ဒေါသဖြစ်နေခဲ့ပေမယ့် ယူရိုပါလိဂ်ဖလား အောင်မြင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကတ်တလန်ဘီလူးတွေဟာ ၂၀၀၅ ကတည်းက နှစ်တိုင်း ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၀၀-၀၁ ရာသီနောက်ပိုင်း အုပ်စုအဆင့်ကနေ မထွက်ခဲ့ရဖူးတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီနှစ်မှာ နောက်တဆင့် တက်ဖို့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရာမှာ ရုန်းကန်ခဲ့ရပြီးတော့ မူလာ၊ ဆာနေးနဲ့ မူဆီယာလာတို့ရဲ့ ဂိုးတွေနဲ့အတူ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရာသီ ဘာကာရဲ့ ဥရောပရာသီကို တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဇာဗီကတော့ ဘိုင်ယန်နဲ့ပွဲက သူ့အသင်းရဲ့ မလှုပ်မယှက် နှိပ်ကွပ်ခံနေရတဲ့ ကစားပုံကို ဒေါသထွက်နေခဲ့တာပါ။

“ ကျွန်တော်တို့ စိတ်အား ထက်ထက်သန်သန်နဲ့ မယှဉ်ပြိုင်ခဲ့ဘူး။ ကျွန်တော်တို့ ယူရိုပါလိဂ်ကို ဆင်းမကစားချင်တာကြောင့် ဒီနေ့က စတင်မှု အသစ်တစ်ခုပဲ၊ အချိုးအကွေ့တွေအတွက် အရေးပါတဲ့ နေ့တစ်နေ့ပဲဆိုတာ ကစားသမားတွေကို မှာထားခဲ့တာပါ။ ဘာကာက ဒီလို အခြေအနေနဲ့ မထိုက်တန်ပါဘူး။

လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အမှန်တရားကို သဘောမကျဘူး။ ကျွန်တော် ဒေါသဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ အစစ်အမှန် မဟုတ်ပါဘူး။ စိတ်ကုန်စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို လက်ခံရမှာပဲ။ တခြားရွေးချယ်စရာ မရှိပါဘူး။

ကျွန်တော်တို့ ကိစ္စတွေ အများကြီးကို ပြောင်းလဲရမယ်။ သုညကနေ ပြန်စပြီးတော့ ဘာကာနဲ့ ထိုက်တန်တဲ့ နေရာကို ပြန်ရအောင် ကြိုးစားရမယ်။ ကျွန်တော်တို့က ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေသင့်တဲ့အသင်း မဟုတ်ပါဘူး ”လို့ ဇာဗီက ပြောဆိုခဲ့တာပါ။

အခု ယူရိုပါလိဂ်ပြိုင်ပွဲကို ဘယ်လိုချဉ်းကပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဇာဗီက “ဒါက ကျွန်တော်တို့ရဲ့ လက်တွေ့ အမှန်တရားပဲဆိုတော့ ဒီပြိုင်ပွဲကို သွားပြီး အနိုင်ရအောင်ပဲ ကြိုးစားရမှာပါ။ ပွဲအားလုံး အနိုင်ယူပြီး ဆုဖလားအားလုံး အောင်မြင်ဖို့က ဘာကာရဲ့ ရည်မှန်းချက်ပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

ဘိုင်ယန်နဲ့ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာတော့ ဘာကာနည်းပြက “ ၃-၀ ဆိုတာ သင့်တော်တဲ့ ရလဒ်တစ်ခုပါပဲ။ သူတို့က ဒီနေ့မှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့တာပဲလေ။ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဆီက ဘောလုံးကို လုယူဖို့ကြိုးစားခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါက လက်တွေ့ကျတဲ့ အမှန်တရားပဲ။ အခုချိန်မှာ လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတစ်ခုပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။