နည်းပြ အမော်ရင် ကို မထုတ်ဘဲ ဘယ်အထိ အချိန်ပေးမလဲ အတည်ပြု ပြောဆိုလိုက်တဲ့ ရက်ကလစ်ဖ်
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ အပြီး မန်ချက်စတာယူနိုက်တက် ရရှိခဲ့တဲ့ အမှတ်အရေအတွက်က မနှစ်က ပွဲစဉ် ၇ အပြီးရခဲ့တဲ့ အမှတ်ထက် ၂ မှတ် ပိုများလာပါတယ်။
ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်းအဲရစ်တန်ဟက်လက်ထက်မှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရာသီစတင်ခဲ့ရပြီး စပါးနဲ့လီဗာပူးလ်တို့ကို အိမ်ကွင်းမှာ ၃-၀ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့သလို အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ပြီးတဲ့နောက် ယူနိုက်တက်ဘုတ်အဖွဲ့က နည်းပြအဲရစ်တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဒီရာသီမှာလည်း ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၇ အပြီးမှာပဲ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲသာ အနိုင်ရခဲ့ပေမဲ့ ၁၀ မှတ်ရယူနိုင်ခဲ့တာကြောင့် အမှတ်ရရှိမှုက မနှစ်ကထက် ၂ မှတ် ပိုများလာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်တို့ ပွဲစဉ် ၇ အပြီး အဆင့် ၁၄ နေရာသာ ရပ်တည်ခဲ့ပေမဲ့ ဒီရာသီမှာတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
အမော်ရင်ဟာ ယူနိုက်တက်နည်းပြဘ၀ ပရီးမီးယားလိဂ် ၃၄ ပွဲကိုင်တွယ်အပြီးမှာ ၁၀ ပွဲသာ အနိုင်ရခဲ့သလို အဲဒီထဲက တစ်ဝက်လောက်က တန်းတက်ကလပ်အသင်းတွေကို အနိုင်ရခဲ့တာဖြစ်ပြီး အခုအချိန်အထိ ပရီးမီးယားလိဂ် ၂ ပွဲဆက် မနိုင်သေးပါဘူး။
ဒါ့အပြင် အမော်ရင်ဟာ ပရီးမီးယားလိဂ် ၃၄ ပွဲကိုင်တွယ်အပြီးမှာ ၃၇ မှတ်သာရရှိခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ မှာလည်း နိုင်ပွဲ ၁၉ ပွဲသာရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့အမော်ရင်တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေပြီး အခုလောလောဆယ် အမော်ရင်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ အသင်းပိုင်ရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်ကတော့ အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိဘဲ နောက်ထပ် ၃ နှစ်အထိ အချိန်ပေးစောင့်ကြည့်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မီဒီယာတွေက ဂလေဇာမိသားစုအနေနဲ့ အမော်ရင်ကို ရာထူးက ထုတ်ပယ်ဖို့ ညွှန်ကြားလာရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်ခဲ့တော့ ရက်ကလစ်ဖ်က “အဲဒီကိစ္စက မဖြစ်နိုင်ပါဘူး။ အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝက အကောင်းဆုံး မဖြစ်သေးတာတော့ အမှန်ပါပဲ . . .”
“အမော်ရင်အနေနဲ့ လာမဲ့ ၃ နှစ်ကျော်အတွင်းမှာ သူက ထိပ်တန်းအဆင့်နည်းပြတစ်ဦးဆိုတာ သက်သေပြရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးမှာ ဒီနေ့တာဝန်ယူပြီး နောက်နေ့ အောင်မြင်မှုရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။