ဟာလန်း ဘယ်အသင်းသွားမလဲ ဆုံးဖြတ်ပြီးပြီလို့ အသိပေးလိုက်တဲ့ အေးဂျင့် ရိုင်းအိုလာ
စူပါအေးဂျင့် ရိုင်းအိုလာ ကတော့ သူ့ရဲ့ ကိုယ်စားပြု ကစားသမား တဦး ဖြစ်သူ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်း ဘယ်အသင်း သွားမလဲ ဆိုတာ အဖြေရှိပြီးသား ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး သုံးဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ လက်ရှိကလပ် ဒေါ့မွန်အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။

ရိုင်းအိုလာက – “ကျွန်တော်တို့တွေ ဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ၂နှစ်လုံးလုံး စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းက ဘယ်အသင်းဆီ သွားသင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့လဲ စဉ်းစားထားပါတယ်။
တကယ်လို့ သူ့အတွက် ကမ်းလှမ်းမှုတိုင်းကိုသာ နားမထောင်ခဲ့ရင် ကျွန်တာ်က ဆိုးဝါးတဲ့ အေးဂျင့်တယောက် ဖြစ်နေမှာပေါ့ဗျာ။ ကျွန်တော်တို့က ဟာလန်းလို ကစားသမားမျိုးနဲ့ နွေဈေးကွက်ကို ကိုင်လှုပ်နိုင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။
ဟာလန်းဟာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၆ပွဲ ပါဝင် ကစားပေးခဲ့ရာ ၇၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုး ဖန်တီးမှု ၂၆ကြိမ် အထိလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ပေးချေကာ ဟာလန်းကို ခေါ်ယူချင်နေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး ထိုအသင်းတွေထဲ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေကြပါတယ်။