မျှော်လင့်ထားပေမယ့် လီဗာပူးနဲ့ပွဲကြို အတွက် လေ့ကျင့်ရေး မရောက်လာတဲ့ ယူနိုက်တက် အသင်းသား နှစ်ဦး

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာ လီဗာပူးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် ယနေ့မနက်မှာ ပွဲကြို လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီး သရဲနီကြယ်ပွင့် ၂ ဦး မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

မန်ယူနိုက်တက်နောက်ခံလူ မက်ဇရာဝီဟာ ယနေ့မှာ လေ့ကျင့်ရေး လာမဆင်းခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပြီးကတည်းက ထပ်မကစားပေးရသေးတာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက မက်ဇရာဝီဟာ အမျိုးအမည်မဖော်ပြခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အမိုရင်ကတော့ အောက်တိုဘာ နိုင်ငံတကာပွဲအားလပ်ရက်အပြီးအထိ ပြန်ကစားနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့တဲ့သတင်းအရ အသက် ၂၇ နှစ်အရွယ်နောက်ခံလူဟာ လီဗာပူးနဲ့ ကစားရမယ့်ပွဲမှာ ပြန်လည်ပါဝင်ကစားပေးနိုင်တယ်လို့ သိရပြီး မော်ရိုကိုအသင်းနဲ့ရော မန်ယူနိုက်တက်နဲ့ပါ ကြံ့ခိုင်မှု အကဲဖြတ်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မော်ရိုကိုအသင်းရဲ့ မကြာသေးမီက ကစားခဲ့တဲ့ ဘာရိန်း၊ ကွန်ဂိုတို့နဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ ဒီနေ့ ကာရင်တန်လေ့ကျင့်ရေးမှာပါ လာရောက်ပူးပေါင်းခဲ့ခြင်းမရှိဘူးလို့ Sky Sport က ဖော်ပြခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ပျောက်ဆုံးနေတဲ့ကစားသမားကတော့ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဖြစ်ပါတယ်။

၎င်းဟာ ဖေဖော်ဝါရီလကတည်းက ဒူးရွတ်စုတ်ပြဲဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူပြီးနောက် အနားယူနေရတာဖြစ်ပြီး မကြာသေးမီက သတင်းတွေအရ မာတီနက်ဇ်ဟာ ကြံ့ခိုင်မှု ပြန်ရလာနေပြီဖြစ်တာကြောင့် ဒီအပတ်မှာ အသင်းနဲ့ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းမယ်လို့ မျှော်မှန်းခြင်းခံထားရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မာတီနက်ဇ်ဟာ ကာရင်တန်က အသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့ခြင်း မရှိတာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်၊ အာမက် ဒီရယ်လို၊ ကွန်ညာ၊ ကက်စီမီရိုတို့လည်း နိုင်ငံတကာပွဲကစားထားတဲ့အတွက် နားရက်အပိုပေးခဲ့တာကြောင့် ယနေ့မှာ ပါဝင်လေ့ကျင့်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။