လီဗာပူးနဲ့ပွဲ မတိုင်ခင် ယူနိုက်တက် အသင်းသား ၄ ဦးထိ လေ့ကျင့်ရေး မပါဝင်နိုင်ဘဲ လွဲချော်

ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် သမိုင်းကြောင်းအစဉ်အလာပြိုင်ဘက် လီဗာပူးလ်နဲ့ကစားမဲ့ပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား ၄ ဦးဟာ ကြာသပတေးနေ့က အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ကူညာ၊ ဒီယာလို၊ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးတို့ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ကျရင် လီဗာပူးလ်နဲ့အန်ဖီးလ်ကွင်းမှာ ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပြီး အမော်ရင်အနေနဲ့ ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲရအောင် ကြိုးစားရမှာပါ။

ယူနိုက်တက်အသင်းမှာ နောက်ခံလူ မက်ဇ်ယောင်အီဟာ အသေးစားဒဏ်ရာကြောင့် မော်ရိုကိုအသင်းကစားခဲ့တဲ့ ပွဲတွေကို လွဲချော်ခဲ့သလို အခုလောလောဆယ် ဒဏ်ရာအခြေအနေ တိုးတက်လာပြီဖြစ်ပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာတော့ ပါဝင်နိုင်ဖို့ မရှိသေးပါဘူး။

ဒါ့အပြင် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့်ကာလရှည်အနားယူနေရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ကလည်း ကြံ့ခိုင်မှုရှိလာအောင် ကြိုးစားနေဆဲဖြစ်ပြီး နိုဝင်ဘာလအတွင်းကစားမဲ့ နိုင်ငံတကာရက်သတ္တပတ်အပြီးမှ ပြန်ကစားနိုင်ဖို့ရှိပါတယ်။

ယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတချို့နဲ့ ရင်ဆိုင်နေရတဲ့အတွက် ကူညာ၊ ဒီယာလို၊ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုးတို့ လေ့ကျင့်ခန်း မဆင်းနိုင်တာကြောင့် ယူနိုက်တက်ပရိသတ်တွေ စိုးရိမ်တကြီးဖြစ်နေကြပါတယ်။

ဒါပေမဲ့လည်း အဲဒီကစားသမား ၄ ဦးဟာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ အမော်ရင် နားရက် ပိုရအောင် အနား ယူခိုင်းခဲ့တဲ့အတွက် လေ့ကျင့်ခန်း မဆင်းနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။