မန်ချက်စတာ ယူနိုက်တက်ထံ မပြန်ချင်တော့တဲ့ တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်
ဘာစီလိုနာအသင်းထံ တစ်ရာသီ အဌားထွက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းဟောင်း ယူနိုက်တက် ထံ ပြန်လာဖို့ လုံးဝ စိတ်ဝင်စားခြင်းမရှိတော့ကြောင်း သတင်းရရှိပါတယ်။
လာလီဂါမှာ တောက်ပနေတဲ့ အဆိုပါ အဂ်လန်သားဟာ ယခုရာသီအပြီး အသင်းဟောင်းထံ ပြန်လည်လာရောက် ပူးပေါင်းရမယ့် အနေအထားတွေ ရှိနေပေမယ့် ဘာစီလိုနာမှာပဲ ဆက်နေခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။
ပြိုင်ပွဲစုံ သွင်းဂိုး ပါဝင်ပတ်သက်မှု ၉ ကြိမ်အထိ ပြုလုပ်ထားသလို ဂိုးရနိုင်ခြေရှိတဲ့ ဖန်တီးမှုတွေ ပြုလုပ်ရာမှာလည်း ပတ်ဒရီပြီးနောက် ဒုတိယအကြိမ်အများဆုံး ဖြစ်နေတာကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြန်လည် ရှာတွေ့ခဲ့ပြီလို့လည်း ပြောနိုင်ပါတယ်။
ရက်ရှ်ဖို့ဒ်က “ ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခွင့် ထည့်သွင်းချုပ်ဆိုထားတယ်ဆိုတာ အမှန်ပါပဲ၊ ကျွန်တော် ဒီအသင်းမှာ ပျော်ရွှင်နေပြီ ဖြစ်သလို ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း ဒီအသင်းမှာ ကစားချင်ကြမှာပါပဲ။
ကျွန်တော် ယူနိုက်တက်နဲ့ ၂၃ နှစ်ကြာ ပူးပေါင်းခဲ့ပြီးပါပြီ၊ တစ်ခါတစ်လေတော့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်သလို အခုလို ပြောင်းလဲခဲ့ပြီးနောက်မှာလည်း ကျွန်တော် အရမ်းပျော်နေပါတယ်၊ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာရဲ့ ဒဏ်ရာ ရရှိခဲ့မှုက ရက်ရှ်ဖို့ဒ်ကို ယခုလို ခြေစွမ်းပြဖို့ လမ်းပွင့်စေခဲ့တာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကိုယ်တိုင်က တောင်ပံ ၂ ဖက်စလုံး ကစားနိုင်တာကြောင့် နည်းပြ ဖလစ်ခ်က ပိုမို အားထားလာနိုင်ပါတယ်။