အာမက်ကြောင့်သာ အဝေးကွင်းကနေ လက်ဗလာနဲ့ မပြန်ဘဲ သရေ တစ်မှတ် ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်တို့ ၃ ပွဲ ဆက် နိုင်ပွဲ ရနေရာကနေ မနေ့ညက နော်တင်ဟမ်ဖော်ရက်စ်ရဲ့ City Ground ကွင်းမှာတော့ နိုင်ပွဲဆက်မှု မှတ်တမ်း အဆုံးသတ်ခဲ့ရပြီး အာမက် ဒီယာလိုရဲ့ချေပဂိုးကြောင့်သာ မရှုံးခဲ့တာပါ။

အမော်ရင်ဟာ ဘရိုက်တန်နဲ့ပွဲတုန်းက ပွဲထွက်လူစာရင်းအတိုင်းပဲ အခုပွဲမှာ ဆက်လက်အသုံးပြုခဲ့တာကြောင့် ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ပထမဆုံးအကြိမ် တူညီတဲ့ ပွဲထွက် ၁၁ ဦးစာရင်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ အမြင့်ဘောတွေကို အားပြုပြီးတော့ ထိုးဖောက်တိုက်စစ်ဆင်တတ်တာကို အမော်ရင် သိရက်နဲ့ Aerial ကောင်းတဲ့ မက်ဂွိုင်းယားကို ဘာလို့ မသုံးတာလဲဆိုတာ စဉ်းစားလို့ မရပါဘူး။

ယူနိုက်တက် ပေးလိုက်ရတဲ့ ၂ ဂိုးစလုံးက Aerial Challenges တွေမှာ ယူနိုက်တက်ခံစစ် အားနည်းမှုကနေ ပေးခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ရှက်ရှ်ကိုက တကယ့်လူပိုတစ်ယောက်လိုဖြစ်နေပြီး ကစားကွက်ထဲမှာ ပါဝင်ပတ်သက်မှု အားနည်းသလို အသင်းဖော်တွေအတွက် နေရာလွတ်တွေ မရှာပေးနိုင်ဘဲ ပြိုင်ဘက်ခံစစ်ရဲ့ Attention ရအောင် မလုပ်နိုင်တာကြောင့် နော်တင်ဟမ်ဖော်ရက်စ် ခံစစ်က ရှက်ရှ်ကို,ကို အရမ်းကြီး အာရုံစိုက်စရာ မလိုခဲ့ပါဘူး။

ဒုတိယပိုင်းလောက်ကတည်းက ဇာ့ခ်ဇီကို အမော်ရင် လူစားဝင်ကစားခိုင်းသင့်ပေမဲ့ ပွဲပြီးတဲ့အထိ ရှက်ရှ်ကို,ကို အသုံးပြုခဲ့တာက စိတ်ပျက်စရာပါပဲ။

ယူနိုက်တက်ရဲ့အဖွင့်ဂိုးက ဘရူနိုဖာနန်ဒက်စ်ရဲ့ထောင့်ကန်ဘောကနေ ကတ်စ်မဲရိုး ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး နော်တင်ဟမ်ဖော်ရက်စ်နောက်ခံလူ ဆာဗိုနာဟာ ဂိုးစည်းမကျော်ခင်မှာပဲ ဘောလုံးရယူခဲ့ပေမဲ့ စည်းကြပ်ဒိုင်က ထောင့်ကန်ဘော သတ်မှတ်ခဲ့တာကြောင့် အငြင်းပွားစရာတော့ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းစလို့ ၅ မိနစ်အတွင်းမှာပဲ နော်တင်ဟမ်ဖော်ရက်စ်က မော်ဂန်ဂစ်ဘ်ဝှိုက်ရဲ့ခေါင်းတိုက်ဂိုး၊ ဆာဗိုနာရဲ့ အနီးကပ်ပိတ်သွင်းမှုတွေကြောင့် မယုံနိုင်လောက်အောင် ၂-၁ ဂိုးနဲ့ ပြန်ဦးဆောင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ချီးကျူးရမှာက ပြိုင်ဘက်ကို ဂိုးပေးလိုက်ရပေမဲ့ အရင်လို ပျာယာခတ်တာမျိုး မရှိတော့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကစားကွက်အတိုင်း ပုံဖော်ကစားခဲ့တာပါပဲ။

ပယ်နယ်တီဧရိယာထိပ်ကနေ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနိမ့်ကန်ချက်က ဂိုးတိုင်ထိခဲ့သလို ပွဲပြီးခါနီးမှာ ဒီယာလို အပိုင်ကန်သွင်းမှုကို နော်တင်ဟမ်ဖော်ရက်စ်နောက်ခံလူ မူရယ်လို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့လို့ ယူနိုက်တက် နစ်နာခဲ့ရပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုးကိုတော့ ဒီယာလိုက မြေမကျကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပြီး ဒီဂိုးဟာ ဒီရာသီမှာ ဒီယာလိုရဲ့ ပထမဆုံးသွင်းဂိုးလည်းဖြစ်ပါတယ်။