လက်ရှိ ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းကထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေပြီ လို့ အမော်ရင် ပြောဆို
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အမော်ရင်က လက်ရှိ သူ့ရဲ့အသင်းဟာ ပြီးခဲ့တဲ့မေလအတွင်း စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက အသင်းထက် အများကြီး ပိုကောင်းနေပြီလို့ စပါးအသင်းနဲ့ကစားမဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ကြွေးကြော်လိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လက်လွှတ်ခဲ့ရသလို ဝင်ငွေ ပေါင်သန်း ၁၀၀ အထိ နစ်နာဆုံးရှုံးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပြီး အမော်ရင်ကတော့ သူ့အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက အသင်းထက် ပိုကောင်းနေပြီလို့ အခိုင်အမာ ယုံကြည်ထားပါတယ်။
စပါးအသင်းနဲ့ကစားမဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က “ပထမဆုံးအနေနဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အရင်နဲ့ မတူတော့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အသင်းမှာကစားခဲ့သူတွေ အများကြီးရှိနေဆဲပါပဲ . . .”
“ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အသင်းဖြစ်လာပြီး ခြေစွမ်းပိုင်းအရသာမက ပွဲကို နားလည်နိုင်မှုအပိုင်းမှာလည်း ပိုကောင်းလာပါပြီ။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း အရင်ကထက် ပိုမြင့်တက်နေပါပြီ . . .”
“ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက စပါးအသင်းဟာ ဂိုးပေါက်တည့်မှု ၁ ကြိမ်ကနေ ဂိုးသွင်းခဲ့တာကို မှတ်မိကြဦးမှာပါ။
လာမဲ့ပွဲမှာတော့ အဲဒီတုန်းကပွဲနဲ့ မတူညီတဲ့အနေအထားဖြစ်လာဖို့ မျှော်လင့်ပြီး ကျွန်တော်တို့ ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်မှာဖြစ်သလို နိုင်ပွဲရဖို့ ကံတရားရဲ့ ဖေးမမှုရှိဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။