ဒီည စပါးကို အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အနိုင်ယူနိုင်ခြေ ဘယ်လောက်ရှိလဲ စူပါကွန်ပျူတာ တွက်ထုတ်

ယနေ့ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဒီည ၇ နာရီအချိန်ကျရင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်မှာ စပါးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ၅ ပွဲစီနိုင်၊ ၃ ပွဲရှုံး၊ သွင်းဂိုး ၁၇ ဂိုးစီ တူညီနေကြပါတယ်။

အခုပွဲက စပါးအသင်းရဲ့ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့လည်း စပါးအသင်း အိမ်ကွင်းရလဒ်တွေက အားရစရာ မကောင်းဘဲ ၂၀၂၅ ခုနှစ်အတွင်း ၉ ပွဲအထိရှုံးခဲ့တာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ရှုံးပွဲအများဆုံးပါပဲ။

စပါးအသင်း သမိုင်းတစ်လျှောက် ၁ နှစ်အတွင်း အမှတ်ပေးပြိုင်ပွဲ အိမ်ကွင်းမှာ ရှုံးပွဲအများဆုံးဖြစ်ခဲ့တာက ၁၉၉၄ နဲ့ ၂၀၀၃ ခုနှစ်တွေမှာဖြစ်ပြီး ၁၀ ပွဲစီ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် အခုလောလောဆယ် စပါးအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဘစ်ဆူးမား၊ ဆိုလန်ကီ၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဘာ့ဂ်ဗဲလ်တို့အားလုံး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကလည်း စပါးအသင်းအတွက် စိုးရိမ်စရာဖြစ်နေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်တို့ ဂိုးပေါက်ကန်ချက် ၁၅၃ ကြိမ်အထိပြုလုပ်ခဲ့သလို သူတို့ထက် အရေ အတွက် ပိုများတာဆိုလို့ လီဗာပူးလ်(၁၅၆ ကြိမ်)တစ်သင်းသာရှိပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အမ်ဘူမိုဟာ ပရီးမီးယားလိဂ်မှာ စပါးအသင်းဘက်ကို ၄ ဂိုးသွင်းခဲ့ပြီး အဲဒီထဲက ၃ ဂိုးဟာ စပါးအသင်းရဲ့အိမ်ကွင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ဒါက အမော်ရင် လက်ထက် အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၂ အောက်တိုဘာလတုန်းက စပါးအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ၂-၀ ဂိုးနဲ့အနိုင်ရပြီးနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိတော့သလို အဲဒီထဲက နောက်ဆုံး ၄ ပွဲဆက် အရှုံးပေးခဲ့ရပါတယ်။

နာမည်ကျော် Opta ကတော့ အခုပွဲမှာ စပါးအသင်း အနိုင်ရနိုင်ခြေအဖြစ် ၄၇.၅ % အထိ သတ်မှတ်ခဲ့ပြီး ယူနိုက်တက်ကိုတော့ ၂၅.၄ % သာ သတ်မှတ်ပေးခဲ့ပါတယ်။