အနိုင် မရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကျေနပ်ရမယ့် စပါးနဲ့ ပွဲက သရေ တစ်မှတ်
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ၂၀၂၂ အောက်တိုဘာလ နောက်ပိုင်းကတည်းက စပါးကို မနိုင်တဲ့ မှတ်တမ်းဆိုး အဆုံးမသတ်နိုင်ပေမဲ့ အဝေးကွင်းမှာ သရေတစ်မှတ်ရခဲ့တာက ကျေနပ်စရာပါပဲ။
အခုပွဲမှာ အမော်ရင်က ရှက်ရှ်ကို ပွဲထွက်ကနေ ဖယ်ထားခဲ့ပြီး အမ်ဘူမိုကို ဘယ်ခြမ်း၊ ဒီယာလိုကို ညာခြမ်းနဲ့ အထောင်တိုက်စစ်အဖြစ် ကူညာကို အသုံးပြုခဲ့တယ်။
အမ်ဘူမိုကတော့ အမော်ရင်အတွက် အဖိုးတန် သူ ဖြစ်ပြီး ဘယ်နေရာမှာကစားရသည်ဖြစ်စေ တိုးအားရုန်းအားကောင်းကောင်း၊ အဆုံးသတ်အားကောင်းကောင်းနဲ့ ကစားနေတာကို တွေ့ရတယ်။
ပထမပိုင်းမှာ ယူနိုက်တက်အသင်းက ပွဲကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် စပါးတို့ ယူနိုက်တက် ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၃ ကြိမ်သာရှိခဲ့သလို တိုက်စစ်မှူး မူအာနီရဲ့စွမ်းဆောင်ရည်ကလည်း တော်တော်ဆိုးဆိုးပါပဲ။
မူအာနီဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်မှာ ၁၉၁ မိနစ်ကစားပြီးချိန်အထိ ဂိုးပေါက်ကန်ချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ၃၂ မိနစ်မှာ ဒီယာလိုရဲ့ဖြတ်တင်ဘောကနေ အမ်ဘူမိုက ခေါင်းတိုက်သွင်းခဲ့ပြီး စပါးအသင်းရဲ့အိမ်ကွင်းမှာဆို ဂိုးမြူးလေ့ရှိတဲ့ အမ်ဘူမိုအတွက် ဒီဂိုးဟာ ၄ ဂိုးမြောက်ဖြစ်သလို စပါးအသင်းဘက်ကို ၅ ဂိုးမြောက်သွင်းယူနိုင်တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ အိုဒိုဘာ့တ်၊ အူဒိုဂီတို့ ဝင်လာပြီးနောက်ပိုင်းမှ စပါးအသင်း ပုံမှန်စွမ်းဆောင်ရည် ပြန်ရခဲ့ပြီး ခရစ္စရှန်ရိုမဲရိုးရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ယူနိုက်တက်ဂိုးသမား လန်မန်စ် မယုံနိုင်လောက်အောင် ကာကွယ်ခဲ့သလို ပယ်လင်ညာရဲ့ Volley ကန်ချက်ကိုလည်း လန်မန်စ် ကာကွယ်ခဲ့ပြန်ပါတယ်။
ဘန်တန်ကော်၊ မာသီတဲလ်တို့ ဝင်လာပြီးတဲ့နောက် စပါးအသင်း တိုက်စစ်အားက ပိုကောင်းလာပြီး ၈၄ မိနစ်မှာ မာသီတဲလ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှ မယုံနိုင်လောက်အောင် အလှည့်အပြောင်းတွေဖြစ်ခဲ့ပါတယ်။
၉၁ မိနစ်မှာ အိုဒိုဘာ့တ်ရဲ့ကန်ချက်က ရစ်ချာလီဆင်နဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ စပါးအသင်း ၃ မှတ်ရပြီလို့ ထင်နေတုန်းမှာပဲ ၉၆ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ထောင့်ကန်ဘောကနေ ဒီလိဂ်က ခေါင်းတိုက်ချက်နဲ့ နောက်ကျချေပဂိုးသွင်းခဲ့တာကြောင့် ၂-၂ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
အခုနောက်ပိုင်း ယူနိုက်တက်အသင်းမှာ ကျေနပ်စရာကောင်းတဲ့ အချက်တစ်ခုက ပြိုင်ဘက်ကို ဂိုးပေးလိုက်ရတာနဲ့ စိတ်ဓာတ်ပျက်ပြီးတော့ ပေါက်ကရတွေလုပ်တာမျိုး မတွေ့ရတော့ဘဲ ဂိုးပေးလိုက်ရရင်တောင် သရေတစ်မှတ်ရဖို့ စိတ်ဓာတ်ပြင်းပြင်းနဲ့ ကစားတာကို တွေ့ရပြီး အဲဒီအချက်ကို နော်တင်ဟမ်ဖော်ရက်စ်၊ အခု စပါးအသင်းတို့နဲ့ပွဲတွေမှာ တွေ့မြင်နိုင်ပါတယ်။