စကိုင်းစပေါ့ရဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေ အတွက် သုံးသပ်ခန့်မှန်းတွေ ထွက်ပါပြီ
ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် စကိုင်းစပေါ့မှ လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ်ချက်တွေ လေ့လာကြည့်ရအောင်ပါ။
မန်ချက်စတာ စီးတီး – ဝုဗ်
ဝုဗ် မှာ ဂိုးသွင်းတာနဲ့ ပတ်သက်ပြီး ပြဿနာ အချို့ ရှိနေပါတယ်။ အခု သူတို့ ဂိုးတွေ အပျော် သွင်းနေတဲ့ အသင်း တသင်းနဲ့ ရင်ဆိုင်ရပါပြီ။ ကြားရက် ချန်ပီယံလိဂ် မှာ လိုက်ပ်ဇစ် ကို ရှုံးခဲ့ပေမယ့် ဒီရလဒ်က စီးတီး ကို ဘယ်လိုမှ မထိခိုက် စေခဲ့ပါဘူး။
ဒါပေမယ့် ၂ ပွဲဆက် မျက်နှာ အပျက်မခံ နိုင်တာကြောင့်ရော အဆင့် ၁ နေရာကို ဆက်ထိန်း ထားဖို့ အတွက်ပါ ဒီပွဲ ကို စီးတီး တို့ ဖိဖိ စီးစီး ကစား သွားမှာ သေချာပါတယ်။ ဝုဗ် လုပ်ရမှာက ခံစစ်ကို အထိုင်ချပြီး မန်စီးတီး တိုက်စစ် ကို တတ်နိုင်သလောက် ကာကွယ်ဖို့ ပါ ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ဧည့်သည်တို့ လက်ဗလာ နဲ့ မန်ချက်စတာ ကနေ ပြန်ရမှာပါပဲ။
ခန့်မှန်းချက် – မန်စီးတီး ၂ – ၀ ဝုဗ်

အာဆင်နယ် – ဆောက်သမ်တန်
နိုဝင်ဘာထဲ ကစားခဲ့တဲ့ ၄ ပွဲမှာ ဆောက်သမ်တန် တို့ ၁ ပွဲသာ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ရှုံးပွဲ ကလည်း တပွဲ တည်းပါ။ ကျန်တဲ့ ၂ ပွဲက သရေ ကျထားတာ ဖြစ်ပြီး အခုပွဲ မှာလည်း အာဆင်နယ် ကို အခက်တွေ့အောင် လုပ်နိုင်ဖို့ ရှိပါတယ်။
အဲဗာတန်၊ မန်ယူနိုက်တက် တို့ကို ၂ ပွဲဆက် ရှုံးလိုက်တာဟာ အာဆင်နယ် ကစားသမားတွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိလ နိုင်ပါတယ်။ ဒီလိုမျိုး အဆိုးတွေ ဆက်တိုက် ဖြစ်လာပြီဆိုရင် ပြန်လာ နိုင်ဖို့ က အတော်လေး ရုန်းကန် ကြရတတ် ပါတယ်။ ဒါကိုသာ ဟတ်ဆန်ဟော့ တို့ အခွင့်ကောင်း ယူနိုင်မယ် ဆိုရင်တော့ အဝေးကွင်းမှာ ခရစ္စမတ် အကြို လက်ဆောင် ၁ မှတ်လောက် ရယူနိုင်မှာပါ။
ခန့်မှန်းချက် – အာဆင်နယ် ၁ – ၁ ဆောက်သမ်တန်

ချဲလ်ဆီး – လိဒ် ယူနိုက်တက်
မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် တို့ အကျဘက်ကို ရောက်နေ ပါတယ်။ တိုက်စစ်ပိုင်းက ထက်မြက်မှု အားလျော့ လာသလို ခံစစ်ပိုင်း ကလည်း ကျေနပ်လောက်တဲ့ ကျစ်လျစ် သိပ်သည်းမှုတွေ ရှိမနေပါဘူး။
ချဲလ်ဆီး ကတော့ ကြားရက် တုန်းက ဇင်းနစ် နဲ့ သရေ ကစားမိ ခဲ့တာကြောင့် အုပ်စု ဒုတိယ နေရာကို ဆင်းခဲ့ရ ပါတယ် ။ အဲ့ဒိလို ပေါ့လျော့မှုမျိုး ကို နောက်တခါ အဖြစ် ခံမှာ မဟုတ်ပါဘူး။ တခု စဉ်းစားရမှာက ချဲလ်ဆီး မှာ ဒဏ်ရာ ကစားသမားတွေ များနေတာပါပ ။
အခုပွဲမှာ အချို့ ပြန်ပါကောင်း ပါလာနိုင်ပေမယ့် နည်းပြ တူချယ် က အရဲစွန့်ပြီး သုံးဖို့ အလားအလာ နည်းပါတယ်။ လူမစုံရင် ချဲလ်ဆီးတို့ အမြင့်ဆုံး ပုံစံနဲ့ မကစားနိုင်ပါဘူး။ ဒီလိုပွဲမျိုးမှာ ချဲလ်ဆီးတို့ လူကာကူကို လိုအပ်ပါတယ်၊ သူ ဘာလုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ နိုင်တော့ နိုင်မယ် ၊ ဂိုးတော့ ပြတ်မှာ မဟုတ်ပါဘူး။
ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ လိဒ်

လီဗာပူး – အက်စတွန် ဗီလာ
စတီဗင် ဂျရတ် ရဲ့ အန်ဖီးလ် တကျော့ပြန် ခရီး ကတော့ တကယ့်ကို စိတ်ဝင်စားစရာ ၊ ခံစားချက်တွေ နဲ့ ပြည့်နှက် နေတဲ့အရာ ဖြစ်နေမှာပါ။ ဗီလာ မှာ ကစားသမားကောင်းတွေ ရှိပါတယ်၊ စုဖွဲ့မှု အားကလည်း ဂျရတ် တာဝန်ယူပြီး နောက်ပိုင်းမှာ ပိုကောင်းလာပါတယ်။ ဒါပေမယ့် လီဗာပူးဆီက အမှတ်တွေကို ခွဲယူဖို့ အထိကတော့ မလုံလောက်ပါဘူး။
တခု စဉ်းစားရမှာက လီဗာပူး ရဲ့ စတီဗင် ဂျရတ် အပေါ် ထားရှိတဲ့ လေးစားမှုပါ။ အန်ဖီးလ် မှာ လီဗာပူး ကို ဗီလာ ယှဉ်ကစား နိုင်ဖို့ မရှိပါဘူး။ မိုဆာလာ ကလည်း ထိန်းချုပ်ရ ခက်နေဦးမှာပါ။ ဒါပေမယ့် ဂိုးတွေ အများကြီး မြင်ရဖို့ မရှိပါဘူး၊ လီဗာပူး က သွင်းလို့ ရရင်တောင် သွင်းဖို့ ဆန္ဒ မရှိလောက်ဘူးလို့ ခံစားမိပါတယ်။ ၁ ဂိုး ၂ ဂိုးလောက် နဲ့ပဲ နိုင်သွားမှာပါ။
ခန့်မှန်းချက် – လီဗာပူး ၁ – ၀ ဗီလာ

နောဝှစ်ချ် – မန်ချက်စတာ ယူနိုက်တက်
ယာယီ နည်းပြ တယောက် အတွက် သိပ်ကို ကောင်းလွန်းတဲ့ အစုအဖွဲ့ကို ရပ်ဖ် ရန်းနစ် ပိုင်ဆိုင် ထားပါတယ်။ ပြီးခဲ့တဲ့ ပဲလေ့စ် နဲ့ ပွဲက အဖွင့် ၄၅ မိနစ် မှာ ယူနိုက်တက် ကစားပုံက တော်တော်လေး အားရစရာ ရှိခဲ့ တာပါ။ အဲ့ဒိ ပထမပိုင်းမှာ ယူနိုက်တက် တို့ ၁၂ ကြိမ် ကန်ခွင့် ရခဲ့ပြီး ထောင့်ကန်ဘောက ၇ ကြိမ်တောင် ရခဲ့တာပါ။ အခုပွဲ မှာလည်း ဒီလို လွှမ်းမိုး ထားမှု မျိုးကို မြင်တွေ့ ရနိုင်ပါတယ်။
နောဝှစ်ချ် က ဇယားအောက်နားမှာ ဖိအားတွေ ရှိနေပါတယ်။ ဒါပေမယ့် ခြေစွမ်း ကလည်း အားရစရာ မရှိပါဘူး။ ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ အရည်အသွေးတွေ လိုအပ်နေဆဲပါပဲ။ ဒါကြောင့် ဒီပွဲဟာ မန်ယူနိုက်တက် အတွက် အခက်အခဲ မရှိဘဲ ၃ မှတ်ရသွား နိုင်မယ့် ပွဲမျိုး လို့ ပြောရမှာပါ။
ခန့်မှန်းချက် – နောဝှစ်ချ် ၀ – ၃ မန်ချက်စတာ ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းရလဒ်များ
ဘရန့်ဖိုဒ့် ၂ – ၂ ဝက်ဖိုဒ့်
ဘန်လေ ၁ – ၂ ဝက်စ်ဟမ်း
လက်စတာ စီးတီး ၂ – ၂ နယူးကာဆယ်
ပဲလေ့စ် ၁ – ၁ အဲဗာတန်